32 C
Yangon

အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဥ်အောက်က မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများ

Must read

ရန်ကုန်၊ ဇူလိုင် ၃

အကြမ်းဖက်တိုက်ဖျက်ရေးကို နိုင်ငံရေးလက်နက်အဖြစ် အကြမ်းဖက် မြန်မာစစ်အုပ်စုက အသုံးချနေပြီး ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လို့ရအောင် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) က ကာကွယ်ပေးထားပါတယ်။

ADMM ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ကို တရားမဝင် မြန်မာစစ်အုပ်စုနဲ့ ရုရှားစစ်တပ်တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် နေရာယူထားကြပြီး လာမယ့် ဇူလိုင်လ ၂၀ ရက် နဲ့ ၂၁ ရက်နေ့တွေမှာ အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာလည်း ADMM အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

ဒီလိုတက်ရောက်ခွင့်ရရှိခဲ့တာဟာ အကြမ်းဖက်စစ်တပ်အတွက်တော့ ဝါဒဖြန့်ချီရေး လက်နက်တစ်ခု ရလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ကို ADMM အစည်းအဝေးကနေ ဖယ်ရှားပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ပေါင်းများစွာက တောင်းဆိုခဲ့ပေမယ့် အဆိုပါ တောင်းဆိုမှုကို အာဆီယံက လှစ်လျှူရှုခဲ့ပါတယ်။ ဒီအစည်းအဝေးတွေကြောင့်ပဲ အကြမ်းဖက် မြန်မာစစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေမှာ အာဆီယံရဲ့ ပါဝင်ပတ်သတ် အားပေးနေမှုတွေက ပိုပြီးနက်ရှိုင်းလာစေပါတယ်။

အာဆီယံ အစည်းအဝေးတွေကနေ အကြမ်းဖက် မြန်မာစစ်အုပ်စုကို ဖယ်ထုတ်ပစ်ရမှာဖြစ်ပြီး အစည်းအဝေးတွေမှာ ပါဝင်ပတ်သက်ကြတဲ့ နိုင်ငံအားလုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖယ်ထုတ်တဲ့အဆင့် ရောက်အောင် ဖိအားပေးသပိတ်မှောက်ကြဖို့ကို Justice For Myanmar က တောင်းဆိုထားပါတယ်။

လက်ရှိအချိန်အထိတော့ သြစတြေးလျနိုင်ငံက ဇူလိုင်လ ADMM အစည်းအဝေးကို သပိတ်မှောက်ကြောင်း ကြေညာထားပြီး အခြားနိုင်ငံတွေကိုလည်း အလားတူ သပိတ်မှောက်ကြဖို့ ဖိအားပေးကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံ လုံခြုံရေးအသိုက်အဝန်းအတွက် Bali Concord II သဘောတူညီချက် မူဘောင်မှာ ထည့်သွင်းထားတဲ့ အကြမ်းဖက်မှုအပေါ် တုန့်ပြန်ရေးက အာဆီယံရဲ့ ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။

အာဆီယံမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း တစ်ရပ်ရှိပြီး၊ မြန်မာစစ်အုပ်စု ကြိုးကိုင်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအစိုးရက ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေမှာ အဆိုပါ ကွန်းဗင်းရှင်းကို ကိုးကားထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေမှာ ဒီဥပဒေကို အလွဲသုံးစား မလုပ်နိုင်အောင် တားဆီးနိုင်တဲ့ အစီအမံတွေ ကင်းမဲ့နေပြီး၊ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တစ်ရပ်မှာတော့ “အဖွဲ့တစ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့အတွက် ကျိုးကြောင်းခိုင်လုံအောင် ဘယ်လိုစုံစမ်းစစ်ဆေးမှု သို့မဟုတ် ဘယ်လိုအခြေခံ အထောက်အထားတွေ လိုအပ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖော်ပြထာတာ မရှိဘူး “လို့ သုံးသပ်ထားခဲ့ကြပါတယ်။

အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်မှာ စစ်တပ်နဲ့အရပ်ဘက် ဌာနဆိုင်ရာတွေက ရိုဟင်ဂျာအမှတ်လက္ခဏာကို အကြမ်းဖက်မှုနဲ့ တွဲဖက်ကာ အမုန်းစကားတွေ ဖြန့်ချီခဲ့ပြီး၊ မြန်မာစစ်တပ် က ရိုဟင်ဂျာတွေအပေါ် ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွက်” အကြမ်းဖက်မှု ခေါင်းစဉ်ကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ပါတယ်။ Arakan Rohingya Salvation Army က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အဖွဲ့အဖြစ် ပထမဆုံးသတ်မှတ်ခံရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် ( ၂၀၁၈) အစီရင်ခံစာ မှာ အောက်ပါအတိုင်း ဖော်ပြထားတာတွေ့ရပါတယ်။

“လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တုံ့ပြန်မှုက နာရီပိုင်းအတွင်းမှာစခဲ့ပြီး အလွန်မြန်ဆန်ပြီး၊ ရက်စက်ကြမ်းကြုတ် ပါတယ်။ အင်အားအလွန်အကျွံ သုံးစွဲခဲ့ပါတယ်။ ARSA [Arakan Rohingya Salvation Army] ရဲ့ “အကြမ်းဖက်မှု” အန္တရာယ်ကို ချေမှုန်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရက်သတ္တပတ်များအတွင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်တို့က ရွာပေါင်း ရာနှင့်ချီပြီး ဖျက်ဆီးခံခဲ့ရပါတယ်။

အဲ့ဒီ စစ်ဆင်ရေးတွေက ရိုဟင်ဂျာလူထုတစ်ရပ်လုံးကို ပစ်မှတ်ထားပြီး အကြမ်းဖက်ခဲ့ပါတယ်။ အာဏာပိုင် တွေက ယင်းစစ်ဆင်ရေးတွေကို “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး” လို့ ခေါ်ဆိုပါတယ်။ ရလဒ်အနေနဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လလယ်မှာ ရိုဟင်ဂျာ ၇၂၅,၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။” လို့ဆိုပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ မြန်မာအစိုးရက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြန်ပါတယ်။ ဒီလိုအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တာဟာ အကြမ်းဖက် မြန်မာစစ်အုပ်စုရဲ့ မြန်မာနိုင်ငံ အနောက်ဘက်ဒေသက လူမျိုးစု လူ့အသိုင်းအဝန်းတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ အကြောင်းပြချက်တစ်ရပ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မြန်မာစစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မေလ ၈ ရက်နေ့မှာ စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ပြီး၊ မြန်မာပြည်သူတွေအပေါ် ၎င်းတို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

အကြမ်းဖက် မြန်မာစစ်အုပ်စုက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ အင်အားသုံး အကြမ်းဖက် စစ်ဆင်ရေး တစ်ရပ်နဲ့ ပစ်မှတ်ထားခံနေရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဩဂုတ်လမှာ ဥပဒေကြောင်းအရ ဥပဒေပြုခွင့် မရှိတဲ့ တရားမဝင် မြန်မာစစ်အုပ်စုက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအတွင်း “လှုံ့ဆော်တိုက်တွန်းတာ၊ စည်းရုံးတာ၊ ဝါဒဖြန့်တာနဲ့ မည်သည့်အကြမ်းဖက်အဖွဲ့ သို့မဟုတ် အကြမ်းဖက်ဝါဒနဲ့ လှုပ်ရှားမှုမျိုးမှာမဆို” ပါဝင်ဆောင်ရွက်နေသူတွေကို ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ တိုးမြှင့်ချမှတ်မယ်လို့ ပြင်ဆင်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အဆိုပါ JFM ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဆက်လက်ဖော်ပြထားတာကတော့ အကြမ်းဖက် မြန်မာစစ်အုပ်စုဟာ ၄င်းတို့ကိုယ်တိုင် အကြမ်းဖက်အဖွဲ့အစည်း တစ်ခုသာဖြစ်ပြီး၊ ၄င်းတို့ဟာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားခံရတဲ့အတွက် ပိုပြီးရဲတင်းလာကြောင်းနဲ့ အာဆီယံအနေနဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုရဲ့ ရာဇ၀တ်မှုတွေ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ရမယ် လို့လည်း ဖော်ပြပါရှိပါတယ်။

အာဆီယံနဲ့ မိတ်ဖက်တွေအနေနဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုကို အာဆီယံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းအဖွဲ့ရဲ့ ဦးဆောင်မှုနေရာက ဖယ်ရှားတာအပါအဝင်၊ အစည်းအဝေးတွေနဲ့ လှုပ်ရှားဆောင်ရွက်မှု အားလုံးကနေ ချက်ချင်းဖယ်ရှားဖို့ Justice For Myanmar က ထပ်မံ တောင်းဆိုထားပါတယ်။

လာမယ့် ဇူလိုင် ၂၀-၂၁ ရက်နေ့ အစည်းအဝေးမတိုင်ခင် ADMM အကြမ်းဖက် နှိမ်နင်းရေးကျွမ်းကျင်သူ များအဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌနေရာကနေ မြန်မာအကြမ်းဖက်စစ်တပ်ကို အချိန်မှီ ဖယ်ရှားကြဖို့ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြ တောင်းဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံသင့်တဲ့ အချိန်ပဲဖြစ်တယ်လို့ တဆက်တည်း ဖော်ပြပါရှိပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article