35 C
Yangon

အကြမ်းဖက် စစ်ကောင်စီဘက်က ရပ်တည်ဘက်လိုက်နေတဲ့ ICJ တရားရုံး တရားသူကြီး တရုတ်လူမျိုး XUE Hanqin ဘယ်လိုလူစားလဲ

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂတရားရုံး ICJ မှာ တရားစွဲခဲ့ပါတယ်။

အဲဒီတရားစွဲဆိုမှုအပေါ် အကြမ်းဖက်စစ်ကောင်စီဘက်က ကန့်ကွက်ချက်တွေ တင်သွင်းခဲ့ပြီး အဲဒီကန့်ကွက်ချက်တွေအပေါ် မနေ့ ဇူလိုင် ၂၂ ရက်နေ့မှာ ICJ တရားရုံးက အပြီးသတ် အမိန့်ချပါတယ်။ စစ်ကောင်စီရဲ့ ကန့်ကွက်ချက်တွေကို ပယ်ချပြီး ဆက်လက် တရားစီရင်ဖို့ ICJ က ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလို ICJ တရားရုံးက မြန်မာအပေါ် အမိန့်ချပေမယ့်လည်း ICJ တရားသူကြီး ၁၆ ဦးလုံးက တညီတညွတ်တည်း သဘောတူတာမဟုတ်ဘဲ ICJ တရားသူကြီး တစ်ဦးဖြစ်တဲ့ တရုတ်နိုင်ငံသူ တရားသူကြီး XUE Hanqin က စစ်တပ်ရဲ့ ကန့်ကွက်ချက်ကို လက်ခံခဲ့ပြီး ICJ တရားရုံးက မြန်မာအပေါ် ဆက်လက် တရားစီရင်မယ်ဆိုတဲ့ အမိန့်ကို လက်မခံဘဲ ကန့်ကွက်ခဲ့သူဖြစ်ပါတယ်။

ICJ တရားရုံးမှ တရုတ်တရားသူကြီး XUE Hanqin က ဘယ်လိုလူစားမျိုးလဲ။ ဘယ်လို ICJ တရားသူကြီးဖြစ်လာလဲ လေ့လာကြည့်ရအောင်ပါ။

ICJ တရားရုံးဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ တရားစီရင်ရေး တရားရုံးဖြစ်တာမို့ ကုလသမဂ္ဂ အထွေထွေညီလာခံ နဲ့ လုံခြုံရေးကောင်စီက တရားသူကြီး ၁၅ ဦးတွေကို ရွေးကောက်တင်မြှောက်ပါတယ်။ ICJ တရားရုံးတရားသူကြီးတွေအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးရင် ၉ နှစ်တိတိ တာဝန်ထမ်းဆောင်ရပါတယ်။

ICJ တရားရုံးရဲ့ မနေ့က အမှုစီရင်မှုမှာ စစ်ကောင်စီဘက်က နှစ်ကြိမ်တိုင် ဘက်လိုက် မဲပေးခဲ့တဲ့ တရုတ် တရားသူကြီး XUE Hanqin ဟာ တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံတမန်၊ ဌာနဆိုင်ရာ အကြီးအကဲ ရာထူးတွေ ထမ်းဆောင်ခဲ့တဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ၊ တရုတ်အစိုးရ ဘက်တော်သား စစ်စစ်ဖြစ်ပါတယ်။

သူက ၂၀၁၀ ခုနှစ် ဇွန်လ ၂၉ ရက်ကတည်းက ICJ တရားရုံးအဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၁ ခုနှစ်အထိ ICJတရားသူကြီးအဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။ ICJ တရားရုံးရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာ ICJ တရားသူကြီးအဖြစ် ပြန်လည် ထပ်မံရွေးချယ်ခံရတာမို့ ICJ တရားရုံးရဲ့ တရုတ် တရားသူကြီး အဖြစ် XUE Hanqinက ၂၀၃၀ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။

တရုတ် တရားသူကြီး XUE Hanqin ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဥပဒေရေးရာကျွမ်းကျင်သူ၊ အတိုင်ပင်ခံ၊ သံတမန် စသည်ဖြင့် ရာထူးနေရာပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်ပါတယ်။

သူဟာ ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၆၆ နှစ်ရှိနေပြီဖြစ်ပါတယ်။ ဘေဂျင်းနိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ ဘေဂျင်းတက္ကသိုလ်ကနေ ဘာသာစကားဆိုင်ရာဘွဲ့၊ နိုင်ငံတကာ ဥပဒေ ဒီပလိုမာဘွဲ့တွေရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ကိုလံဘီယာတက္ကသိုလ် ဥပဒေကျောင်းကနေ ဥပဒေမာစတာဘွဲ့ အပါအဝင် ဥပဒေဆိုင်ရာဘွဲ့တွေ ရယူခဲ့ပါတယ်။

အဲဒီနောက် တရုတ် Wuhan University School of Law ရဲ့ ပါမောက္ခနဲ့ ဒုတိယဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းခဲ့ပါတယ်။ ၁၉၈၀ မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အမှုထမ်းခဲ့ပြီး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ် အမှုထမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

အဲဒီနောက် နယ်သာလန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ တရုတ်နိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ပါသေးတယ်။

၂၀၁၀ ခုနှစ်မှာတော့ ICJ တရားရုံးရဲ့ တရားသူကြီး အဖြစ် ရွေးကောက်ခံခဲ့ရတာပါ။ တရုတ်အကျိုးစီးပွားကို ကာကွယ်တဲ့ တရုတ်အစိုးရ ဘက်တော်သား စစ်စစ်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ အခုအချိန်အထိလည်း နိုင်ငံတကာ ရေးရာတွေမှာ တရုတ်အစိုးရဘက်တော်သားအဖြစ် ပါဝင်လှုပ်ရှားနေသူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း အကြမ်းဖက် လူသတ်နေတဲ့ စစ်ကောင်စီဘက်ကနေ ရပ်တည်ကြောင်း ICJ တရားရုံးမှာ ပြသခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။

ICJ တရားရုံးမှာ စစ်ကောင်စီရဲ့ ကန့်ကွက်ချက်တစ်ခုကို တရုတ်တရားသူကြီး XUE Hanqin က လက်ခံခဲ့သလို မြန်မာနိုင်ငံကို ကို လူမျိုးတုန်းသတ်ဖြတ်မှု နဲ့ ဆက်လက် တရားစီရင်မယ်ဆိုတဲ့ ICJ တရားရုံးရဲ့ အပြီးသတ် စီရင်ချက်ကိုလည်း XUE Hanqin က ကန့်ကွက်ခဲ့ပါတယ်။

ICJ တရားရုံးရဲ့ တရားသူကြီး တရုတ်လူမျိုး XUE Hanqin ဟာ ၂၀၃၀ ခုနှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်မှာမို့ တရုတ်အစိုးရနဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ဆက်လက်ကာကွယ်မယ့် တရုတ်အစိုးရလူအဖြစ် ဆက်လက် မြင်တွေ့ရနိုင်ပြီး မြန်မာအမှုကိစ္စမှာ စစ်တပ်ဘက်က ဘက်လိုက်နိုင်ခြေတွေလည်း ဆက်လက်များပြားနေဦးမှာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article