By ရန်ကုန်ခေတ်သစ်
ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ၏ အကြိမ် ၅၀ မြောက် အစည်းအဝေးကို ဇွန် ၁၃ နေ့ စပြီ လာမည့် ဇူလိုင် ၈ ရက်နေ့ စတင်ခဲ့ပြီး BHRN အနေဖြင့် ဇွန်လ ၁၄ ရက်နေ့ တစ်ကြိမ် ၊ ဇွန်လ ၁၅ ရက်နေ့ တစ်ကြိမ် ၊ ဇွန်လ ၂၉ ရက်နေ့ တစ်ကြိမ် သုံးကြိမ်တိုင်တိုင် မြန်မာအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ၏ အစည်းအဝေးတက်ရောက်ခဲ့သည့် မြန်မာ့လူ့အခွင့်အရေးကွန်ရက် Burma Human Rights Network(BHRN) မှ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းကို ရန်ကုန်ခေတ်သစ်ကမေးမြန်းထားသည်။
မေး – အကြိမ် ၅၀ မြောက်ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီရဲ့ အစည်းအဝေးတက်ရောက်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး ပထမဦးဆုံးရှင်းပြပေးပါ။
ဖြေ – တစ်နှစ် ၃ ကြိမ်လောက် UN မှာ ပုံမှန်ကျင်းပလေ့ရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပုံမှန်အစည်းအဝေးပေါ့နော်။အဲ့ဒီမှာ ကျနော်တို့တက်ခွင့်ရခဲ့တယ်။ မြန်မာ ပြည်က လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အလုပ်လုပ်နေတဲ့တက်ကြွလှုပ် ရှားနေတဲ့လူတွေလည်းတက်ကြတယ်ပေါ့။
ဇွန်လ ၂၉ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Tom Andrew ကနေပြီးတော့ သူရဲ့ သုတေသနလုပ်ထားတဲ့အချက်အလက်တွေနဲ့ပတ်သက်လို့နိုင်ငံတကာကိုမျှဝေတဲ့ ပုံမှန်လုပ်လေ့ရှိတဲ့အစည်းအဝေးကိုကျနော်တက်ခဲ့တယ်။ အဲ့ဒီမှာလည်း ကျနော့်ဖက်ကနေပြီးဝင်ရောက်ဆွေးနွေးပေးခဲ့တယ်။
မေး – မြန်မာနိုင်ငံက ကိုယ်စားပြုအနေနဲ့တက်ရောက်ခဲ့တာလား။ အဖွဲ့အစည်းအနေနဲ့ ကိုယ်စားပြုတက်ရောက်ခဲ့တာလား။ ဘယ်လိုတက်ရောက်ခဲ့တာပါလဲ။
ဖြေ – မြန်မာ့လူ့အခွင့်အရေးကွန်ယက် (BHRN) အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ကျနော်တက်တာပါ။ နောက်ပြီး ကျန်တော်က မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်လည်းဖြစ်တယ်။
ဒီတော့ လူနည်းစုတွေအတွက်ပါ ကျနော်အနေနဲ့ထည့်ပြောရတာပါ။ အခုကဘယ်လိုလဲဆိုတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ထိုင်ခုံနေရာကလစ်လပ်နေတယ်။ ဘယ်သူ့မှအစိုးရအဖြစ်အသိအမှတ်မပြုထားတော့ လစ်လပ်နေတာပေါ့။
အဲဒီအတွက်မြန်မာကိုယ်စားလှယ်ဆိုတာတော့မရှိဘူး။ ကျနော်တို့လူ့အခွင့်အရေးအဖွဲ့တွေကအမြဲတမ်းတက်နေကြဆိုတော့ ဒါပုံမှန်တက်တဲ့သဘောပါ။
မေး – ဒီကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီရဲ့ အကြိမ် ၅၀ မြောက်ပုံမှန်အစည်းဝေးမှာ နိုင်ငံဘယ်လောက်တက်ရောက်ခဲ့ကြသလဲ။ အစည်းဝေးက ဘယ်အချိန်လောက်စကျင်းပပြီး ဘယ်အချိန်လောက်မှာ ဆုံးမှာလဲ။
ဖြေ – တက်တဲ့နိုင်ငံတွေကတော်တော်များတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေပေါ့နော်။ တော်တော်များများတက်ကြတယ်ပါတယ်။ အစည်းဝေးစခဲ့တာက ဇွန်လ ၁၃ ရက်နေ့ကဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့လောက်ဆို အားလုံးပြီးမှာပါ။
မေး – အစည်းအဝေးကို မြန်မာ့လူ့အခွင့်အရေးကွန်ယက်အဖွဲ့အနေနဲ့ တက်ရောက်ခဲ့တာဆိုတော့ မြန်မာနိုင်ငံလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ ဘာတွေကိုအဓိကထားပြီး ဆွေးနွေးတင်ပြခဲ့သလဲ။
ဖြေ – ဒီမှာက နှစ်မျိုးဖြစ်တယ်ဗျ။ တစ်မျိုးကဘယ်လိုလဲဆိုတော့ ကုလသမဂ္ဂပုံမှန်အစည်းဝေးဖိတ်တဲ့အချိန်မှာကျနော်တို့ဝင်ပြီးတော့ ဆွေးနွေးခွင့်ရတယ်။ ဒါက တရားဝင် ကျနော်တို့ကြိုတင်စာရင်းပေးရတာပေါ့။ နောက်တစ်ခုသံအဖွဲ့တွေရှိကြတယ်။
အဲ့ဒီသံအဖွဲ့တွေနဲ့ ကျနော်တို့ အပြင်မှာအလွတ်သဘောပြန်တွေ့တာမျိုးလည်းရှိတာပေါ့နော်။ အဲ့ဒီမှာဆွေးနွေးတာတွေလည်းရှိတယ်။ အဓိကကတော့ လူ့အခွင့်ရေးနဲ့ပတ်သပ်ပြီးဆွေးနွေးတဲ့နေရာဖြစ်တဲ့အတွက် အဲ့အကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးပြောဆိုကြတယ်။
မြန်မာနိုင်ငံဖြစ်နေတဲ့ သတ်တာဖြတ်တာတွေ၊ လူမဆန်စွာ လုပ်ဆောင်နေတာတွေ၊ ရွာတွေအိမ်တွေ ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ဥပဒေမဲ့အကြမ်းဖက်နေတဲ့ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ကျနော်တို့ဆွေးနွေးခဲ့ကြတယ်။ အဲ့ဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ဆီမှာ ရှိထားတဲ့ သက်သေအထောက်အထားတွေမျှဝေကြတယ်။
နောက်နိုင်ငံတကာမှာရှိတဲ့ အထူးစုံစမ်းစစ်ဆေးရေး ကိုယ်စားလှယ်တွေကနေပြီးတော့ ကျနော်တို့ဆီက သတင်းအချက်အလက်တွေယူတာရှိသလိုသူတို့တွေကိုလည်း ကျနော်တို့ဖက်က တစ်ချို့အချက်လက်လေးတွေမျှဝေရတာရှိတယ်။ တစ်ဆက်တည်းမှာပဲတချို့နိုင်ငံတွေကနေပြီးတော့ သူတို့သိချင်တဲ့အချက် အလက်တွေမေးတာမျိုးတွေလည်းရှိတယ်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်။
တချို့ ရုရှားလို တရုတ်လိုနိုင်ငံမျိုး သူတို့တွေကျတော့ မျက်စိစုံမှိတ်ပြီး စစ်တပ်ကိုပဲထောက်ခံရမယ်ဆိုတဲ့ပေါ်လစီမျိုးရှိနေတော့ အဲ့ဒီနိုင်ငံမျိုးတွေကျတော့ ကိုယ်ကဘယ်လောက်ပဲချည်းကပ်ချည်းကပ် သူတို့တွေရဲ့ပေါ်လစီအရ ကိုယ်ကဘယ်လိုမှပြောလို့ရမှာမဟုတ်ဘူး။
ကျနော်တို့ရဲ့အလုပ်က လူ့အခွင်းရေး ချိုးဖောက်ခံနေရတဲ့မြန်မာပြည်သူတွေရဲ့အသံကို ဒီနေရာမှာ ကျယ်ကျယ်လောင်လောင်ဖြစ်ဖို့အတွက် ကျနော်တို့လုပ်ယူရတယ်။ အဲ့တော့ ပုံမှန်အစည်းဝေးတွေမှာ ဝင်ဆွေးနွေးတာမျိုးက နိုင်ငံတော်တော်များများသိတယ်။
သံတမန်တွေနဲ့ အပြင်မှာ ဆွေးနွေးပြောဆိုတာမျိုးကကျတော့ သူတို့ဆီက သတင်းအချက်အလက်လေးတွေလည်း ကိုယ်ပြန်ရတာမျိုးတွေရှိတယ်။ ဆိုတော့ ဒီမှလာရတဲ့ဟာတော့ တော်တော်လည်း အကျိုးရှိတယ်။
မေး – မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေတယ်။ ဒီလို စစ်တပ်ရဲ့လုပ်ရပ်တွေအပေါ်တင်ပြခဲ့မှုနဲ့ပတ်သက်ပြီး လူ့အခွင့်ရေးသမားတစ်ယောက်အနေနဲ့ ဘယ်လောက် ထိအားရကျေနပ်မှုရှိခဲ့လဲ။
ဖြေ – ကုလသမဂ္ဂဆိုတာက သံတမန်တွေစုစည်းတဲ့နေရာဖြစ်သလို။ တစ်ချို့ကိစ္စတွေက တစ်ချက်ပြောရုံနဲ့ပြီးမသွားဘူး။ အချိန်ယူပြောပြီးတော့ စိတ်ရှည်ရှည်နဲ့လုပ်ရတဲ့အလုပ်တွေဖြစ်တယ်။ တစ်ဖက်မှာ လူ့အခွင့်ရေးချိုးဖောက်ခံနေရတဲ့အတွက် ကျနော်တို့မှာ တော်တော်လေးနစ်နာတယ်၊ ထိခိုက်တယ်၊ ဆုံးရှုံးမှုများတယ်။ တော်တော်လေးလည်း ပေးဆပ်ရတယ်။ အသက်ပေါင်းများစွာပေးဆပ်ရတယ်။
ဒါပေမယ့် ဒီမှာကျတော့ ကြီးမားတဲ့ပြောင်းလေးမှုတစ်ခုဖြစ်လာဖို့ တွန်းအားပေးရတယ်။ ဒါကြောင့် အဲ့ဒီပြောင်းလဲမှုက ချက်ချင်းဖြစ်မှာမဟုတ်ဘူး။တော်တော်တော့ လုပ်ယူရတယ်။ အဲ့တော့ အရွေ့အပြောင်းတစ်ခုကိုဖြစ်အောင်လုပ်နိုင်တဲ့ အင်အားကြီးနိုင်ငံတွေအဖွဲ့အစည်းတွေကို ကျနော်တို့ချည်းကပ်ရတယ်။
EU လို ၊ OIC လို အာဆီယံလို အဖွဲ့မျိုးတွေပေါ့။ ကုလသမဂ္ဂမှာသူတို့လိုအဖွဲ့ကြီးတွေက ပိုပြီးအားကောင်းကြတယ်။ သူတို့နဲ့ ဆွေးနွေးပြောဆိုတာတွေ၊ ချည်းကပ်တာတွေလုပ်ရတယ်။ ဒီနေရာကစိတ်ရှည်ရတယ်၊ ပညာသားပါရတယ်၊ သံခင်းတမန်ခင်းဖြစ်တဲ့အတွက် သိမ်မွေ့တယ်။အပြောင်းအလဲကဖြစ်တော့ဖြစ်နိုင်တယ်။ ဒါပေမယ့်အချိန်နည်းနည်းပေးရတယ်။ ဖြစ်လာတဲ့ဟာတွေကလည်းရေရှည်မှာတော်တော်လည်း ထူးခြားနိုင်တယ်လို့ပြောလို့ရတယ်။
မေး – ရိုဟင်ဂျာတွေအပေါ်မှာလည်း စစ်တပ်ကလူ့အခွင့်ရေးချိုးဖောက်မှုတွေရှိတယ်။ လက်ရှိမှာလည်း ရိုဟင်ဂျာတွေက တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Camp တွေထဲမှာပဲ ပြွတ်သိပ်ပြီးနေနေကြရဆဲပဲဆိုတော့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ရော တင်ပြဖြစ်လား။ ဘာတွေများဆွေးနွေးတင်ပြဖြစ်ခဲ့လဲ။
ဖြေ – ကျနော်တို့ဒီကိစ္စနဲ့ပတ်သက်လာရင် OIC နိုင်ငံတွေနဲ့တော်တော်လည်းဆွေးနွေးဖြစ်တယ်။ နောက်ပြီး EU နိုင်ငံတစ်ချို့တွေနဲ့လည်း ကျနော်တို့ဆွေးနွေးဖြစ်တယ်ပေါ့နော်။ ဒီမှာ ဘင်္ဂလားဒေ့ရှ်နဲ့ တော်တော်လေးထိတွေ့ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ကဘယ်လိုပြောလဲဆိုတော့ ၁၉၇၈-၈၀ လောက်ကတည်းက ဒီကိစ္စသူတို့ရင်ဆိုင်နေရတာပေါ့နော်။
မြန်မာစစ်တပ်ကအကြမ်းဖက်နှိမ်နှင်းတဲ့အတွက် ဒီဖက်ကိုကူးပြောင်းလာပြီး ခိုလှုံနေတဲ့အပေါ် သူတို့ထောက်ပြတာက သူတို့မှာရှိတဲ့ camp တွေမှာခိုလှုံနေတဲ့လူဦးရေကတိုးပွားလာတယ်။ တစ်ဖက်မှာ လာခိုလှုံတဲ့လူတွေကလည်း များများလာတယ်ပေါ့နော်။ ဒီလို နှစ်ပေါင်း ၄၀၊ ၅၀ အထိ သံခင်းတမန်ခင်းနည်းနဲ့ ပြေလည်အောင် သူတို့ကြိုးစားနေတယ်။ ဒါပေမယ့် ဒီဟာကမအောင်မြင်ဘူး။ ဆိုးသထက်ဆိုးလာတယ်။
နောက်ပြီး မြန်မာစစ်တပ်ဆိုတာက သူရဲ့ဗျူဟာကိုက တိုင်းပြည်က မွတ်စလင်တွေလျော့သွားဖို့၊ နည်းသွားဖို့၊ ပြေးသွားဖို့ ဒါကိုအဓိထားတာလေ။ ဒါကြောင့်ဘယ်လိုနည်းနဲ့မှ ပြန်ပြီးလက်မခံကြဘူးဆိုတာသူတို့သိထားတယ်။ လက်ရှိအခြေအနေမှာတော့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ သံခင်းတမန်ခင်းလမ်းနဲ့ သူတို့တွေကြိုးစားနေတုန်းပဲပေါ့နော်။
ဒါရဲ့နောက်ဆက်တွဲမှာ ဘာတွေဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဘာလိုလဲဆိုတော့ နိုင်ငံတစ်နိုင်ငံကို သန်းနဲ့ချီတဲ့လူဦးရေတွေကူးလာတာကလည်း သူတို့တွေလုံခြုံရေးအတွက်လည်း ပြဿနာရှိတယ်လေ။ ဒါကို မြန်မာနိုင်ငံကပြန်ပြီးလက်ခံစေချင်တယ်။ ကျနော်ဆွေးနွေးဖြစ်သလောက် NUG နဲ့လည်း သူတို့တွေ ဆွေးနွေးစကားပြောဖြစ်တာတွေရှိတယ်။တရားဝင်တော့မဟုတ်ဘူးပေါ့။
ကျနော်တို့တိုက်တွန်းတာကတော့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေး သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကို တတ်နိုင်သလောက် ခွင့်ပြုပေးဖို့၊ ဖြေလျော့ပေးဖို့တောင်းဆိုတယ်။ ဘင်္ဂလားဒေ့ရှ်ကလိုလားတာကတော့ ဒီလူတွေခုချက်ချင်းမြန်မာပြည်ထဲကိုပြည်ဝင်သွားလေကောင်းလေပဲပေါ့နော်။
အဲ့ဒါနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ဘက်ကတော့ လက်ရှိမြန်မာနိုင်ငံအနေအထားက သူတို့ပြန်လာရင် ရသင့်တဲ့အခွင့်အရေးတွေပေးနိုင်တဲ့အနေထားမျိုးမဟုတ်ဘူး။ ပြည်တွင်းစစ်လည်းဖြစ်နေတယ်။
နိုင်ငံရေးမငြိမ်မသက်တဲ့အခြေနေမျိုးမှာ ဒီလူတွေအတွက် ကောင်းမွန်တဲ့အခြေနေတစ်ခုကိုမဖန်တီးပေးနိုင်သေးတဲ့အကြောင်း ပြေလည်တဲ့အခြေအနေတစ်ခုကို ဖန်တီးယူရဦးမယ်ဆိုပြီးတော့ ဆွေးနွေးဖြစ်တယ်။ အချိန်တစ်ခုတန်လာရင်တော့ တနည်းမဟုတ်တနည်းနဲ့တော့ သူတို့မြန်မာနိုင်ငံထဲကိုပြန်ရောက်လာမှာပဲ။ ဒါဟာသူတို့ရဲ့ လူ့အခွင့်ရေးတစ်ခုဖြစ်တယ်ပေါ့နော်။ သူတို့ရဲ့ဌာနေ မူရင်းဒေသကို ပြန်နေခွင့်ရကိုရရမယ်။
မေး – ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်ကလူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တင်ပြချက်တွေအပေါ်မှာ ဘယ်လိုတုံ့ပြန်မှုတွေရရှိခဲ့လဲ။
ဖြေ – သေချာတော့ဆွေးနွေးဖြစ်တာပေါ့နော်။ သက်သေအထောက်အထားတွေအနေနဲ့လည်း လူ့အခွင့်ရေးချိုးဖောက်တာတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်တာတွေ၊ အရပ်သားတွေကြားထဲဗုံးကျဲတာတွေ။ ဒါတွေကစစ်တပ်ကလုပ်နေကြလူမဆန်တဲ့လုပ်ရပ်တွေ ဒီအဖြစ်အပျက်တွေကျတော့ သူတို့အတွက်မဆန်းတော့ဘူးပေါ့နော်။ တစ်ဖက်မှာပြည်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို နိုင်ငံတကာနဲ့တင်ယှဥ်ရတာပေါ့နော်။ ယူကရိန်းကိစ္စပေါ်လာတာတွေရှိတယ်။ တစ်ခြားကိစ္စပေါ်လာတာတွေရှိတယ်။
အဲ့ဖက်ကိုအာရုံရောက်သွားတာတွေရှိတယ်။ ဒါပေမယ့် ခုလိုပလက်ဖောင်းတစ်ခုရှိထားတဲ့အတွက် ကိုယ်တွေပြောချင်တဲ့ တင်ပြချင်တဲ့အရာတွေကိုတင်ပြခွင့်ရတယ်။ဖြစ်စေချင်တဲ့ဦးတည်ချက်တစ်ခုကိုဆွဲခေါ်နိုင်တယ်။ ဒါကကျနော်တို့အတွက်အခွင့်ရေးတစ်ခုပဲ။
အခုကဘာဖြစ်လာလဲဆိုတော့ နိုင်ငံတကာကအာဆီယံကို အခြေပြုပြီးတော့ အချက် ၅ ချက်ပါတဲ့ မူဝါဒ တစ်ခုချမှတ်ထားတယ်။ အာဆီယံနိုင်ငံမှာက မလေးရှား၊ အင်ဒိုနီးရှားက အက္ခရာကျတယ်။ မလေးရှားတို့ ထိုင်းတို့က မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေနေပေါ်မူတည်ပြီး ဖြစ်လာတဲ့ဆိုးကျိုးတွေကို သူတို့လည်းတိုက်ရိုက်ခံရတယ်။ ထိုင်းပြည်သူတွေကလည်း မြန်မာစစ်တပ်ကိုမကျေနပ်ကြတာရှိတယ်။
ထိုင်းစစ်တပ်နဲ့မြန်မာစစ်တပ်နဲ့က ဆက်ဆံရေးတစ်ခုတော့ရှိထားကြတယ်။ အာဆီယံအစိုးရတစ်ချို့နဲ့ ပြည်သူတွေအဆင်မပြေတဲ့နေရာမှာ ကျနော်တို့ အာဆီယံပြည်သူတွေကို ပစ်မှတ်ထားရမယ်။ ကိုယ်တွေဆီမှာ ဘာဖြစ်နေတယ်ဆိုတာကို အာဆီယံပြည်သူတွေသိအောင် အမြဲတမ်းတင်ပြနေရမယ်။ အစိုးရပိုင်းမှာလည်း နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကျန်တော်တို့ရင်းနှီးတာတွေရှိတယ် ဒီတော့အခြေအနေတွေကို တင်ပြဆွေးနွေးဖြစ်တယ်။
ဒီတော့ အဲ့ဒီကနေတစ်ဆင့်ချင်းစီကျနော်တို့ မြန်မာစစ်တပ်အပေါ်နိုင်ငံတကာကလုပ်ဆောင်လာမယ့် စစ်ရာဇဝတ်ကောင်တွေကိုနိုင်ငံတကာတရားရုံးတင်ပြီးအရေးယူတာတွေ၊စီးပွားရေးပိတ်ဆို့မှုတွေ၊ ပိတ်ဆို့ဒဏ်ခတ်မှုတွေ၊ လက်နက်ရောင်းချမှုပိတ်ပင်တာတွေအထိဖြစ်လာဖို့ ကျနော်တို့တစ်ဆင့်ချင်း ကြိုးစားနေပါတယ်။ အခုဆိုရင် အာဂျင်တီးနားနိုင်ငံနဲ့ တူရကီနိုင်ငံတွေမှာ စစ်တပ်ကိုအကြီးအကဲတွေကို တရားစွဲထားပြီးပြီ။ အဲ့လိုတရားစွဲမဲ့ နောက်ထပ်နိုင်ငံတွေလည်းတိုးလာတော့မှာပါ။