ရန်ကုန်၊ ဇူလိုင် ၃
ကရင်ပြည်နယ် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် လော်မူပယ် ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်တွင် ဝင်ရောက်စီးနင်းပြီး ဒေသခံ ပြည်သူ ၄ ဦးကို ပစ်သတ်ခဲ့ကြောင်း KNU- ကရင်အမျိုးသား အစည်းအရုံးဗဟိုမှ ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လော်မူပယ်ကျေးရွာနောက်ဖက်သို့ဝင်ရောက်ပြီး မောင်နေလင်းထွန်း အသက် (၁၈)နှစ်၊ စောမာနေထူး အသက်(၂၄)နှစ် နှင့် အမည် မသိရှိရသေးသည့် ပြည်သူ (၂) ဦးတို့ကို ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကိုရဲမင်းစိုး အသက် (၃၀) နှစ်သည်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် လော်မူပယ်ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁၂ လုံး၊ ဆိုင်ကယ် ၁၃ စီး၊ ကား ၁ စီးနှင့် စက်ဘီးတချို့ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လော်မူပယ် ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဗိုလ်မှူးဇေယျာလင်းဦးဆောင်ပြီး ခမရ (၄၃၉)၊ ခလရ (၆၀) နှင့် ခမရ (၅၃၁) တို့ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း KNU- ကရင်အမျိုးသား အစည်းအရုံးဗဟိုမှ ထုတ်ပြန်ထားသည်။
အလားတူ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၂ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး စိတ်ရောဂါ ခံစားနေရသူ ဦးလှိုင်မြင့် ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” စစ်တပ်က ရွာထဲဝင်လာတော့ စိတ်ရောဂါ ခံစားနေရတဲ့ ဦးလှိုင်မြင့်ဆိုသူက မပြေးဘဲနဲ့ ရွာထဲမှာ ကျန်ခဲ့တာ အဲတာကို စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တာ ရုပ်အလောင်းပြန်တွေ့တော့ လက်ဖြတ်ထားတယ်။ ဦးခေါင်းလည်း ကြေမွနေတာပဲ ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။