31 C
Yangon

ရန်ကုန်တွင် မင်းအောင်လှိုင်ဓာတ်ပုံကို မီးရှို့ ဆန္ဒပြပွဲအပြီး မြေနီကုန်းနှင့်စမ်းချောင်းတစ်၀ိုက်မှ လူငယ်များကို စစ်တပ်က ရမ်းသမ်း ဖမ်းဆီး၊ ဆန္ဒပြပွဲတွင် ပါဝင်ခြင်းမရှိသော လူငယ်တချို့ ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ ဇူလိုင် ၄

ရန်ကုန်တွင် ဇူလိုင်လ ၃ ရက်နေ့ မင်းအောင်လှိုင်၏ မွေးနေ့အဖြစ် မင်းအောင် လှိုင်ဓာတ်ပုံကို မီးရှို့ ဆန္ဒပြမှုများ သပိတ်အင်အားစုများက လုပ်ဆောင်ခဲ့ကြပြီး ယင်းဆန္ဒပြပွဲအပြီး မြေနီကုန်းနှင့်စမ်းချောင်းတစ်၀ိုက်မှ လူငယ်များကို စစ်တပ်က ရမ်းသမ်းဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သဖြင့် လူငယ်အများအပြား အဖမ်းခံရ ကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်တွင် မင်းအောင်လှိုင်ပုံကို မီးရှို့ကာ ” ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် ” ​ကြွေး​ကြော်သံဖြင့် စမ်းချောင်း ပင်မ သပိတ်စစ်ကြောင်း၊ အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ ဗမာ့လူငယ်ကွန်ရက်၊ Youth Association of Thingangyun (YAT)၊ လူငယ်များသမဂ္ဂ၊ LGBT Community Yangon၊ တကသ ကျောင်းသားဟောင်းများ အင်အားစုတို့က ဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲသည် အောင်မြင်စွာ ပြီးဆုံးခဲ့သော်လည်း စစ်တပ်က အနက်ရောင်ဝတ်လူငယ်များ၊ ကားမှတ်တိုင်တွင် ကားစောင့်နေသည့် လူငယ်များကို သပိတ်တွင် ပါဝင်သူများဟု မသင်္ကာဖြစ်ကာ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ကျနော့်သူငယ်ချင်း နှစ်ဦးမှာ တစ်ဦးက အနက်ရောင်အင်္ကျီ ဝတ်ထားတယ်။ အဲဒါ မနေ့ညက အိမ်ပြန် မရောက်လာကြဘူး။ သူငယ်ချင်းနှစ်ဦးက ဝေယံနဲ့ဇေယျာဖြိုးပါ။ ဆန္ဒပြသူတွေလည်းမဟုတ်ပါဘူး။ အခုထိ ဆက်သွယ်လို့လည်းမရဘူး။ ဖုန်းတွေလည်း စက်ပိတ်ထားတယ်ပဲပြောနေတယ်” ဟု ယမန်နေ့ ညနေပိုင်းမှ စတင်၍ သူငယ်ချင်းနှစ်ယောက်နှင့် အဆက်အသွယ်ပျောက်ဆုံးနေသူ တစ်ဦးက ပြောသည်။

ယမန်နေ့ ညနေပိုင်း စစ်တပ်က ပဒုမ္မာကွင်း Spirit အလှပြင်ပစ္စည်းအရောင်းဆိုင်နား၊ မြေနီကုန်းကား မှတ်တိုင်၊ ဒဂုံစင်တာရှေ့တို့တွင် မသင်္ကာသော လူ ငယ် မှန်သမျှကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင် သွားခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူထားသော အကြမ်းဖက်ရဲများ။ (ပုံအဟောင်း ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article