ရန်ကုန်၊ ဇူလိုင် ၄
ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်တွင် မြန်မာ့နိုင်ငံရေးပြန်လည်သင့် မြတ် ရန် မြင်လိုဟု တရုတ်နိုင်ငံခြားရေးဝမ်ယိက ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် Mr. Prak Sokhonnကို ပြောဆိုကြောင်း ရန်ကုန်တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Prak Sokhonn တို့ မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးစဉ် ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သုံးရပ်ကို ရှိကြောင်း၊ ပထမအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ မြန်မာ နိုင်ငံ က နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း၊မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန်နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
ဒုတိယအချက်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်ကြောင်း တရုတ်က ဆိုသည်။
တတိယအချက်မှာ အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး ဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားသည်။
ဓာတ်ပုံ- တရုတ်နှင့်ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတို့ ယမန်နေ့ ပုဂံမြို့တွင် တွေ့ဆုံစဉ်။