24 C
Yangon

ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF တပ်ပေါင်းစုဝင်တိုက်ပြီး စစ်အရာရှိ အလောင်းကို စစ်ရဟတ် ယာဉ်ဖြင့် သယ်ယူ၊ ချောင်းဦးနှင့်အရာတော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ယင်းမားပင်ခရိုင်၊ပုလဲမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ယနေ့ မွန်း တည့် ၁၂ နာရီတွင် ပုလဲဒေသ ပြည်သူကာကွယ်ရေးအဖွဲ့ပေါင်းစုံက ဝင်ရောက်တိုက်ခိုက်လိုက်ပြီး ယခုထက်ထိ တိုက်ပွဲပြီးဆုံးခြင်း မရှိသေးကြောင်း သိရှိရသည်။

“တိုက်တာကတော့ ပုလဲပြည်သူကာကွယ်ရေးအဖွဲ့ပေါင်းစုံက ဝင်ရောက်တိုက်နေတာ။ သူတို့ဘက်ကလည်း ဇူလိုင်၂ရက်နေ့ ကံကြီးတိုက်ပွဲမှာ ကျဆုံးတဲ့ အရာရှိအလောင်းကို ရဟတ်ယာဉ်နဲ့လာသယ်ရင်း လက်နက်အင်အားထပ်ဖြည့်တာတွေကို ဇူလိုင် ၄ ရက်နေ့ နံနက်ခင်းပိုင်း လုပ်ထားတယ်လို့ သတင်းရထားတယ်။ အခုလက်ရှိမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တာတွေကမရပ်သေးဘူး”ဟု ကျားသစ်နက်ခေါင်းဆောင် ကိုဖိုးသားကပြောသည်။

လက်ရှိတွင် တိုက်ပွဲပြီးဆုံးခြင်း မရှိသေးသဖြင့် ရန်ကုန်ခေတ်သစ်အနေဖြင့် နှစ်ဖက် အကျအဆုံးစာရင်းကို သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

စစ်ကောင်စီတပ် နှင့် ပုလဲမြို့နယ် ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တို့ ဇူလိုင် ၂ ရက်နေ့ ကံကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား၇ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများပြားကြောင်း၊ ဒဏ်ရာရှိသူများထဲမှ စစ်အရာရှိတစ်ဦးသည် ပုလဲပြည်သူဆေးရုံတွင် ဆေးကူသမှုခံယူရင်း သေဆုံးခဲ့သဖြင့်ကြောင့် ယနေ့တွင် ရဟတ်ယာဉ်ဖြင့် အလောင်းလာသယ်သွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား လမ်းခုလတ်တစ်နေရာ၌ အာဏာသိမ်းစစ်ကောင်စီတပ်သားများကို ယနေ့ဇူလိုင်လ(၄) ရက်နေ့၊ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေကြောင်း Chaung U Local Defence Force (CHU LDF) က သတင်းထုတ်ပြန်သည်။

ကင်းပုန်းဝပ်ရာမှ ပြန်လာသည့် အဆိုပါစစ်ကောင်စီတပ်သားများကို Chaung U Local Defence Force (CHU LDF) မှ အသင့်စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်ုပ်တို့ CHU LDF မှ မိုင်းစစ်သည်တော်များ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ခွေး ငါးကောင် နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားပါကြောင်း မြေပြင်မျက်မြင် သတင်းပေးပို့ချက်များအရ ဝမ်း မြောက်စွာကြားသိရပါသည်”ဟု သတင်းထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ Farmers Revolution Force (CHU)၊ Monywa Lightning PDF တပ်ဖွဲ့တို့က ကူညီပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ကလည်း CHU LDF မှ ထောင်ထားသော ပွိင့် နှစ်ခုမှ မိုင်းများ အဖော်ခံရပြီး သိမ်းဆည်းခံရသေးသည်ဟု သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၅ နာရီတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း အနောက် မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ပြန်လည် ပစ်ခတ်သော်လည်း PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို အနောက် မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုနှင့် မြောင်မြို့နယ် တော်လှန်ရေးတပ် MRA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အနောက်မြောက်တိုင်း PDF တပ်ပေါင်းစု၏ ကင်းထောက် ဒရုန်း ၁ စီး၊ တိုက်ခိုက်ရေး ဒရုန်း ၁ စီးနှင့် လက်နက်ကြီးအချို့ ဆုံးရှံးခဲ့ရကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article