ရန်ကုန်၊ ဇူလိုင် ၄
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်ရုံး ကို ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသော ချစ်ဖူးအောင်(ခ) မင်းသားကြီးကို ယနေ့ သဂြိုလ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
တာမွေမြို့နယ် ဓမ္မစိန္တာလမ်းရှိ ကျားကွက်သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားပြီး ချစ်ဖူးအောင်(ခ) မင်းသားကြီး သေဆုံးကြောင်း၊ ထို့ပြင်အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရရှိကာ သေဆုံးသူ ချစ်ဖူးအောင်(ခ) မင်းသားကြီးကို ယနေ့သဂြိုလ်ကြောင်း သိရှိရသည်။
“တာမွေ မှာ သေဆုံးတဲ့ ချစ်ဖူးအောင် က ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တပည့်ရယ်လို့တော့မဟုတ်ပါဘူး။ သူက သစ္စာမဏ္ဍိုင် ပရဟိတအသင်းကပါ။ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ YRO ပရဟိတအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းသူ က ခေါ်လို့ မုန့်စားဖို့ ခေါ်လို့ ရပ်ကွက်ရုံးသွားရင်း ထိသွားတာပါ။ တပည့်ရယ်လို့တော့ မဟုတ်ဘူး။ အသိမိတ်ဆွေပါ” ဟု ပရဟိတသမားတစ်ဦးက ပြော သည်။
စစ်ကောင်စီခန့် ကျားကွက်သစ်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဝင်းသူသည် ယမန်နှစ်၊ ဇွန်လ ၈ ရက်နေ့ ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်၏နေရာကို ဆက်ခံသူဖြစ်ပြီး ပြည်သူများထံမှ ဧည့်စာရင်း အဆမတန်ကောက် ခံခြင်း၊ စစ်တပ်နှင့်တွဲဖက် အလုပ်လုပ်ခြင်း၊ သတင်းထောက်များနှင့် စစ်တပ်ဆန့်ကျင်သူ လူငယ်များကို ဖမ်းဆီးရန် စစ်တပ်ကို သတင်းပေးခြင်း၊ ပရဟိတသမားများကို စစ်တပ် လက်အောက်ခံ ဖြစ်လာ အောင် စည်းရုံးခြင်း၊ PDF သတင်းများကို စုံစမ်း၍ စစ်တပ်နှင့်ရဲများကို သတင်းပေးခြင်းများ စဉ်ဆက် မပြတ် လုပ်ဆောင်နေကြောင်း သိရှိရသည်။