ရန်ကုန်၊ ဇူလိုင် ၄
ထိုင်း-မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်ဘက်အခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KNLA ၊ PDF ၊ KNDO ပူးပေါင်းတပ်များအကြား တိုက်ပွဲများ တောက်လျှောက်ဆိုသလိုဖြစ်ပွားနေသဖြင့် ထိုင်းစစ်တပ်က ကုန်းကြောင်းဖြင့် ကင်းလှည့်မှုများ ယနေ့ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဇွန်လ ၃၀ ရက်နေ့တွင် ထိုင်းလေပိုင်နက်ထဲသို့ မြန်မာတိုက်လေယာဉ် တစ်စင်း ဝင်ရောက်လာခြင်း၊ ဇူလိုင်လ ၁ ရက်နေ့တွင်လည်း မြန်မာအကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှုများကြောင့် ထိုင်းပြည်သူ ၃ ဦး၏ နေအိမ်များ ကျည်ထိမှန်ခြင်းများဖြစ်ပွားလာပြီးနောက် ယင်းသို့ မြေပြင်တွင် ကင်းလှည့်မှုများ ပြန်လည်စတင်လာခြင်းဖြစ်သည်။
သို့ရာတွင် ထိုင်းဝန်ကြီးချုပ် အာဏာသိမ်းခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်က မြန်မာဘက်က တောင်းပန်ပြီးဖြစ်၍ ထိုင်းပိုင်နက်အတွင်း မြန်မာ စစ်လေယာဉ် ကျူးကျော်မှုသည် ပြဿနာမဟုတ်ဟု ပြောဆိုခဲ့သည့်အတွက် ထိုင်းပြည်သူများ၏ အကြီးအကျယ် ဝေဖန်မှုများကို ကြုံတွေ့နေရကြောင်း သိရှိရသည်။