34 C
Yangon

ကျိုက်ထိုနှင့် ပခုက္ကူတွင် စစ်ကားများ မိုင်းဆွဲခံရမှုကြောင့် စစ်ကားတစ်စီးပျက်စီးကာ ၂ ဦးသေဆုံး၊ အရာတော်တွင်လည်း တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ်၂ ၊ လေးဒေါင့်ကန် အနီးတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၉ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃ ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကား ၁ စီးထိခိုက်ပျက်စီးကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် အနီးအနား တသမဝိုက်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိ၊ မရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကားဖြင့် မြိုင်ဘက်သို့ ထွက်ခွာလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း PKU N PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရသော စစ်ကားပေါ်တွင် အင်ပင်ကျေးရွာ၌ တပ်စွဲပြီး စစ်ဆေးရေးဂိတ် ပြုလုပ်ကာ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သား ၅ ဦးနှင့် အရှေ့ချောက်ကန်မှ ပျူစောထီး ၂ ဦးလိုက်ပါလာပြီး PKU N PDFနှင့် Royal Defence Force PKU တပ်ဖွဲ့တို့မှ မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသော စစ်သား ၅ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျူစောထီး ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ စစ်တပ်က အလောင်းကောက်ချိန် မရဘဲ အလောင်း ၁ လောင်းကျန်ခဲ့ကာ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ညနေ ၄ နာရီခန့်တွင် ပခုက္ကူမြို့မှ (SKAT) ကားအဖြူ ၁ စီးဖြင့် စစ်သား ၅၀ ဦး တင်ဆောင်လာကာ ကျန်ခဲ့သော အလောင်းအား ပြန်လည် ကောက်ယူသွားကြောင်း PKU N PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ပြင်စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၃ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို S.R.A+C.D.F၊ သေမင်းတမန် ပြောက်ကျားအဖွဲ့၊ စစ်သူကြီး ပြောက်ကျားအဖွဲ့၊ အနောက်မြောက်တိုင်းမဟာမိတ်တပ်ပေါင်းစုတပ်ရင်း ၁ ၊ အနောက်မြောက်တိုင်းမဟာမိတ်တပ်ပေါင်းစုတပ်ရင်း ၂ ၊ အနောက်မြောက်တိုင်းမဟာမိတ်တပ်ပေါင်းစုတပ်းရင်း ၃ နှင့် အနောက်မြောက်တိုင်း မဟာမိတ်တပ်ပေါင်းစုတပ်ရင်း ၄ တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေတွင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို သွားရောက် တိုက်ခိုက်မည့် ဖြစ်စဥ်သည် သတင်းပေါက်ကြားခဲ့ပြီး တိုက်ပွဲမြေပြင်တွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နေရာမယူမှီ ပျူစောထီးများနှင့် စစ်တပ်က RPG အပါဝင် လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၂ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များဘက်မှဘတိုက်ခိုက်ရေးဒရုန်း၊ ကင်းထောက် ဒရုန်း ၂ စီးအပါအဝင် ၆၀ မမ ၊၁၂၀ မမ လက်နက်ကြီးများလည်း ဆုံးရှုံးခဲ့ရ​ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article