24 C
Yangon

ကျဆုံးရဲဘော် ၆ ဦး အတွက် ရက္ခိုင့်တပ်တော်၏ စစ်ဒေသအားလုံးတွင် ဝမ်း နည်းခြင်း အထိမ်းအမှတ် အလံတစ်ဝက်ချ

Must read

ရန်ကုန်၊ ဇူလိုင် ၅

မြန်မာ-ထိုင်းနယ်စပ်အနီး၊ KNLA တပ်မဟာ ၅ ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်တပ်စခန်းတစ်ခုအား ဇူလိုင် ၄ ရက် နေ့လည် ၁၂ နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရက္ခိုင့်တပ်တော်မှ တပ်သား ၆ ဦးကျဆုံးခဲ့သည်။

အဆိုပါ ကျဆုံးသွားသည့်တပ်သားများအတွက် ဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် ယနေ့ ဇူလိုင် ၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော်၏ စစ်ဒေသအားလုံး၌ စိုက်ထူထားသည့်အလံများကို တစ်ဝက်ချ၍ လွှင့်ထူးထားကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခ ကပြောသည်။

“ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေအတွက် ဝမ်းနည်းကြောင်းပြသတဲ့အနေနဲ့ စစ်ဒေသအားလုံးမှာ အလံကို တစ်ဝက်ချထားတာပါ” ဟုပြောသည်။

ယခုဖြစ်ရပ်တွင် စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ ရက္ခိုင့်တပ်တော်၏ တပ်ခန်းသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်များအတွက် လိုအပ်သလိုတုံ့ပြန်သွားမည်ဖြစ်ကြောင်း ဦးခိုင်သုခ မှ ပြောဆိုထားသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဦးဖေသန်းကလည်း စစ်ကောင်စီဖက်မှ ယခုကဲ့သို့ တမင်တကာ တိုက်ခိုက်မှုတို့ကြောင့် နှစ်ဖက်တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးပျက်ပြယ်သွားနိုင်ကာ တစ်ကျော့ပြန်တိုက်ပွဲပြန်ဖြစ်လာနိုင်သည်ဟု ပြောဆိုသည်။

“အဲ့ဒါ AA တပ်စခန်းမှန်း မသိနိုင်စရာဘာအကြောင်းမှမရှိဘူး။ တမင်သိသိနဲ့ကို စစ်ကောင်စီက ရန်သူဟာ ရန်သူပဲဆိုပြီး ပုံစံမျိုးနဲ့တိုက်တာဖြစ်တယ်။ ဒီလိုလုပ်ရပ်ကြောင့် နားလည်မှုနဲ့တည်ဆောက်ထားတဲ့ နှစ်ဖက်ငြိမ်းချမ်းရေးကဟာ ပျက်သွားနိုင်တယ်။ AA ဖက်ကလည်း တုံ့ပြန်လာနိုင်တယ်။ ဒီတော့ ကရင်ပြည်နယ်ကစပြီး တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာရင်တော့ အရင်ခံစားခဲ့ရတဲ့ အခက်ခဲပြဿနာတွေပြန်ခံစားလာရနိုင်တယ်” ဟုပြောသည်။

ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ နားလည်မှုဖြင့် အပစ်ခပ်ရပ်ဆဲမှုမှာ ၂ နှစ်နီးပါးခန့်ရှိလာပြီဖြစ်သော်လည်း ထိုကာလကြားထဲ တွင် မောင်တောဖက်တွင်တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားမှုရှိခဲ့သည်။

ယခုလပိုင်းအတွင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ရက္ခိုင့်တပ်တော်မှ မြို့နယ်အလိုက် ဖမ်းဆီးမှုများရှိခဲ့ပြီး စစ်ကောင်စီဖက်မှလည်း အရပ်သားများအား မြို့နယ်အလိုက် ဖမ်းဆီး တရားစွဲဆိုမှုတို့ ပြုလုပ်ကာ တစ်ချို့မှာ မိသားစုနှင့်အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူများလည်းရှိသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article