ရန်ကုန်၊ ဇူလိုင် ၆
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတခုကို ကျေးလက်မြေအဖွဲ့က ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် သောက်သုံးရေနှင့် ကလေးငယ်များအတွက် အာဟာရဒါနမုန့်များ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ကရင်နီဒေသခံများသည် တောတောင်တွင်း စစ်ရှောင်နေကြရသည်မှာ တနှစ်ဝန်းကျင် ကြာမြင့်နေပြီဖြစ်ပြီး စစ်ရှောင်စခန်းများတွင် သောက်သုံးရေ အဓိကလိုအပ်နေပြီး အခြား အမိုးအကာနှင့် စားသောက်ကုန်ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များ မီးတင်ရှို့ဖျက်ဆီးခြင်း၊ အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးခြင်းများကြောင့် ကရင်နီဒေသခံ ၂၀၀,၀၀၀ ဝန်းကျင်သည် တောတောင်တွင်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံမှ သိရှိရသည်။