ရန်ကုန်၊ ဇူလိုင် ၈
မွန်ပြည်နယ်၊ ရေးမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲ၊ ဖြန့်ချီနေသော အဖွဲ့ ၁ ဖွဲ့ကို ရေး ပြောက်ကျားတပ်ဖွဲ့ YGF က ဇူလိုင်လ ၅ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဝင်ရောက်ဖမ်းဆီးရာတွင် အမျိုးသား ၇ ဦးနှင့်အတူ WY စိတ်ကြွဆေးပြား ၂၆၄ ပြား၊ ဘိန်းစာရွက်များထည့်ထားသော ကြွပ်ကြွပ်အိတ် ၅၀ အိတ်၊ ဆိုင်ကယ် ၇ စီး၊ ကား ၁ စီးနှင့် ငွေ သိန်း ၇၀ ကျပ်တို့ကို ဖမ်ဆီးရမိခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေ သတင်းပေးချက်အရ ဝင်ဖမ်းတာပါ၊ မူးယစ်ဆေးတွေကို မီးရှို့လိုက်တယ်၊ ပစ္စည်းတွေ သိမ်းလိုက်တယ်၊ လူတွေကိုတော့ နောက်ထပ်မလုပ်ဖို့ သတိပေးပြီး ပြန်လွှတ်လိုက်ပါတယ်” ဟု YGF တပ်ခွဲ၃ တပ်ခွဲမှူး ဗိုလ်ရန်ပိုင် က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ရေးပြောက်ကျားတပ်ဖွဲ့ YGF သည် ရှေ့ဆက်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်သလို လက်ရှိကာလတွင် အနာဂါတ်လူငယ်များကို ဖျက်ဆီးနေသည့် မည်သည့်မူးယစ်ဆေးဖြန့်ဖြူးသည့်အဖွဲ့ကိုမဆို အခါအားလျော်စွာ ရှာဖွေဖမ်းဆီးအရေးယူသွားမည်ဟု YGF က ထုတ်ပြန်ထားသည်။