29 C
Yangon

ရေဦး၊ စည်သာမြေရွာကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူများ ပိတ်မိနေ၊ သံတောင်ကြီးတွင် အစည်းအဝေး လာတက်သည့် တပ်နယ်မှူး လမ်းကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ စည်သာမြေကျေးရွာတွင် စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ယနေ့ နံနက်ပိုင်း ဝင်ရောက် ပစ်ခတ်ပြီး ကျေးရွာကို ပိတ်ဆို့ထားသဖြင့် ပြည်သူများ ပိတ်မိနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ စည်သာမြေကျေးရွာကို စစ်တပ်က ရဟတ်ယဉ် ၄ စီး ဖြင့် ပစ်ခတ်ပြီး စစ်သားများကိုပါ ချထားကြောင်း၊ မွန်းတည့် ၁၂ နာရီအချိန်အထိ ဝိုင်းရံပိတ်ဆို့ ပစ်ခတ်ခဲ့သဖြင့် ပြည်သူများ ပိတ်မိနေကြောင်း၊ လက်ရှိအချိန်အထိ ဖုန်းလိုင်းများအားလုံးလည်း ပြတ်တောက်နေပြီး စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ၊ အခြေအနေဆိုးဝါးနိုင်ပြီး လက်ရှိအချိန်အထိ မည်သို့ ဖြစ်နေသည်ကို မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ရွာသားတွေ အခုထိ ပိတ်မိနေတယ်။ အခု ဖုန်းလိုင်းတွေ ဖြတ်ထားလို့ ရွာမှာ ဘာတွေ ဖြစ်နေလဲ မသိသေးဘူး။
ရဟတ်ယာဥ်တွေသုံးပြီး ဝိုင်း ပိတ်ဆို့ စီးနင်းတာ။ စည်သာမြေရွာကို အရင် တလကျော်လောက်က တခါ မီးရှို့ခံရသေးတယ်။ ရွာသားတွေ အတွက်ပါ စိုးရိမ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ သံတောင်ကြီး၊ ဘုရင့်နောင်တပ်စခန်းမှ တိုင်းရုံးသို့ အစည်းအဝေးတက်ရန်လာသော စစ်ကားလမ်းကြောင်းကို People Defense Force Thandaung က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးကြောင်း သိရှိရသည်။

ဇူလိုင်လ ၇ ရက်နေ့ ညနေ၃နာရီ၁၇မိနစ် အချိန် သံတောင်ကြီး ဘုရင့်နောင်တပ်စခန်းမှ တိုင်းရုံးသို့ လေးလပတ်အစည်း အဝေးတက်ရောက်ရန် ထွက်ခွာလာသော တပ်နယ်မှူးလိုက်ပါစီးနင်းသည့် လမ်းကြောင်းကားကို ဖရဲသီးများ၏သတင်းပေးချက်အရ People Defense Force Thandaung အဖွဲ့က ၁၆မိုင်ရေပူစမ်း အနီးတွင် ကြိုတင်သွားစောင့်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၆ ဦး သေဆုံးကြောင်း၊ သေဆုံးသူများထဲတွင် တပ်နယ်မှူးမပါဝင်သော် လည်း တပ်ကြပ်အဆင့်များပါဝင်ကြောင်း People Defense Force Thandaungက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်ဖြင့် စစ်သားများ ချနေမှု လေ့ကျင့်ရေး မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article