ရန်ကုန်၊ ဇူလိုင် ၉
မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းမှ ဆရာတော် ၅ ပါးနှင့် ကျောင်းသား ၃ ဦးကို အကြမ်းဖက် စစ်တပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေစဥ် ကားဖြင့် တိုက်၍ အကြမ်းဖက် ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သံဃသမဂ္ဂ ဆရာတော်မျာထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် ဖမ်းဆီးခဲ့သည့် သံဃာတော် ၅ ပါးမှာ ဦးသုစိတ်တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးရေဝတနှင့် ဦးဝီရိယဓမ္မတို့ဖြစ်ပြီး ဘုန်းကြီး ကျောင်းသား ၃ ဦးမှာ ကိုဌေးလွင်စိုး၊ ကိုရှိုင်းအောင်နှင့် ကိုဝင်းမင်းတို့ဖြစ်ကာ အကြမ်းဖက် စစ် တပ်က ပုဒ်မ ၅၀၅(က)ဖြင့် မန္တလေး အိုးဘိုထောင် တရားရုံးတွင် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သံဃသမဂ္ဂ အဖွဲ့ဝင် ဆရာတော် တပါးဖြစ်သည့် ဦးပညာသီဟကိုလည်း ဇွန်လ ၁၀ ရက်နေ့တွင် ပုဒ်မ ၅၀၅(က)ဖြင့် မန္တလေး အိုးဘိုထောင်တွင် ထောင် ဒဏ် ၃ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။
ဆရာတော် ဦးစန္ဒိမာ (သင်္ဂဇာ) ကိုလည်း ဖေဖော်ဝါရီ ၉ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိချိန်ထျ သတင်းအစအန ပျောက်လျက်ရှိကြောင်း သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်တစ်ပါးက ပြောသည်။
အလားတူ မအူပင် တက္ကသိုလ် သင်္ချာအထူးပြု တတိယနှစ် ကျောင်းသူ သမဂ္ဂ အဖွဲ့ဝင် မမျိုးသန္တာကျော် (ခ) အသေးလေးကို အကြမ်းဖက် စစ်တပ်က ဇူလိုင် လ ၅ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ဖျာပုံထောင် အထူး တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်ရင်းဖြင့် အမျိုးမျိုးသော ဘဝများ ဆုံးရှုံးနေရချိန်တွင် စစ်ကျွန်စိတ်ဓာတ်ဖြင့် ကျောင်းတက်နေသော လောက် ကောင် ကျောင်းသားကျောင်းသူများကို အထူးပင်ရှုတ်ချကြောင်း မအူပင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။