32 C
Yangon

ငွေထုတ် ဝါဇီစက်ရုံနှင့် ကပစ လက်နက် စက်ရုံအနီး ရွာများတွင် PDF ရှိမည်စိုးရိမ်၍ စစ်တပ်က ဝင်စီးနင်းသဖြင့် ပြည်သူများ ထွက်ပြေးနေရ၊ ကူဖြူ၊ ကျွဲတွင်နှင့် စပါးတွင်းရွာများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ် အစပ် ငွေထုတ်လုပ်သည့် ဝါဇီစက်ရုံအနီး ပတ်ဝန်းကျင် ယောချောင်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ခုကို စစ်တပ် က နယ်မြေရှင်းလင်းရေး အမည်တပ်၍ ပစ်ခတ်စီးနင်းမှုများ လုပ်ဆောင် နေသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အပါအဝင် ပြည်သူမြောက်မြားစွာ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင် ၈ ရက်နေ့မှစတင်ပြီး ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်အစပ် ယောချောင်း တစ်လျှောက်ရှိ သံပရာပင်ရွာ၊ ဆားလောက်ကျေးရွာ၊ အနောက်ကမ်းဖြူရွာ၊ ဘဲကျရွာ၊ ကျားဘေရွာ၊ ကျားကွဲရွာ၊ ရှားဒူးရွာ၊ တောင်ပလူကျေးရွာ၊ ၊ အရှေ့ကမ်းဖြူရွာ၊ ဥယျာစုရွာများကို ညပိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ညဘက်တွေမှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ အမှောင်ထဲ တောထဲ တောင်ထဲ ပြေးနေရပါတယ်။ ရွာသူရွာသား သက်ကြီးရွယ်အိုတွေ ပါ မကျန်ဘူး။ ဒုတိယ အကြိမ်ပါ စစ်ကြောင်းထိုးတာ။ တစ်နေ့က ရှားဒူးရွာ နဲ့ စိုင်ဖြူ

ရွာကိုလည်း မီးရှို့သေးတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါကျေးရွာများသည် ဝါဇီစက်ရုံ၊ ကပစ လက်နက်စက်ရုံများ အလွန်နီးကပ်သဖြင့် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

” အခု ဝင်စီးခံရတဲ့ ရွာတွေက ပိုက်ဆံထုတ်တဲ့ စက်ရုံ ဝါဇီနဲ့ ၁၅ ကီလိုခန့်အကွာ၊ ကပစ လက်နက် စက်ရုံ နဲ့ ၁၀ ကီလိုခန့် အကွာအဝေး ပဲ ရှိတဲ့ ကျေးရွာတွေဖြစ်ကြပါတယ်။ အဓိက ဝါဇီ စက်ရုံကို PDF တွေ ကပ်လာမှာ ကြောက်လို့

ထင်တယ်။ ဖိနေတာ ကြွက်မနိုင် ကျီ မီးနဲ့ရိူ့ ရွာတွေ ပတ်ကြမ်းနေတာ” ဟု ဒေသခံများက ဆိုကြသည်။

အလားတူ ယနေ့ နံနက်ပိုင်း၊ မကွေးတိုင်း၊မြိုင်မြို့နယ်၊ ကျွဲတွင်ရွာကို စစ်တပ်က ပစ်ခတ်စီးနင်းပြီး ကျေးရွာမှ ပြည်သူအားလုံးကို ဘုန်းကျောင်းထဲတွင် ဖမ်းဆီးထားကြောင်း၊ လက်ရှိအချိန်တွင် ကျေးရွာသူ ကျေးရွာသားများနှင့် အဆက်အသွယ်ပြတ်နေကြောင်း သိရှိရသည်။

“အခုမနက် ကျွဲတွင်ရွာထဲကို စစ်တပ်က ဝင်စီးပြီး အကုန် ဖမ်းထားပါတယ်။ အင်းအားလည်း တော်တော်များပါတယ် အခုထိ ကျေးရွာသူကျေးရွာသားတွေနဲ့ အဆက်အသွယ်မရသေးဘူး။ ဖုန်းလည်း ခေါ်မရဘူး” ဟု ကျွဲတွင်ရွာတွင် ဆွေမျိုးရှိနေသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ကူဖြူကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသူရွာသားများ ဘုန်းကြီးကျောင်းတွင် ပိတ်မိ ဖမ်းဆီးခံရကြောင်း၊ ရွာပတ်လည် ပြေးပေါက်မရှိဘဲ စစ်သားများက ၀ိုင်းထားကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်၊ စပါးတွင်းကျေးရွာ ကို စစ်တပ်က ဇူလိုင်လ ၉ ရက်နေ့တွင် ဝင်ရောက် မီးရှို့ပြီး ပြည်သူအများအပြားကို ဖမ်းဆီးရိုက်နှက်ညှဉ်းပန်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဇူလိုင်လ ၈ ရက်နေ့ ပခုက္ကူ ရှားဒူးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article