ရန်ကုန်၊ ဇူလိုင် ၁၁
သီရိလင်္ကာ ပြည်သူများက သမ္မတနှင့် ဝန်ကြီးချုပ် ရာထူးနုတ်ထွက်သွားမှသာလျှင် သမ္မတအိမ်တော်နှင့်ဝန်ကြီးချုပ် အိမ်တော် စီးနင်းထားမှု အဆုံးသတ်ပေးမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဇူလိုင်လ ၉ ရက်နေ့တွင် သိန်းချီရှိသော သီရိလင်္ကာပြည်သူများက သမ္မတအိမ်တော်၊ ဝန်ကြီးချုပ်အိမ်တော်တို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ကြီးချုပ်၏ ကိုယ်ပိုင်နေအိမ်တစ်လုံးကို မီးရှို့လိုက်ကြသည်။ ပြည်သူများက အိမ်တော်များတွင် နေထိုင် ချက်ပြုတ် စားသောက်ကြပြီး နိုင်ငံတစ်ဝန်းမှ ပြည်သူများကလည်း အိမ်တော်များကို အလည်အပတ်လာရောက်ကာ ဆယ်ဖီလ်ဓာတ်ပုံများ ရိုက်ကူးကြသည်။
သီရိလင်္ကာသမ္မတက ၎င်းအနေဖြင့် ဇူလိုင်လ ၁၃ ရက်နေ့တွင် နုတ်ထွက်မည်ဟု ကြေညာထားပြီး ဝန်ကြီးချုပ်ကလည်း နုတ်ထွက်ရန် ဆန္ဒရှိကြောင်း ပြောဆိုထားသည်။ လက်ရှိတွင် သီရိလင်္ကာ ပါလီမန်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပြီး အားလုံးပါဝင်သည့် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရန် တိုင်ပင်ဆွေးနွေးလျက်ရှိသည်။
သီရိလင်္ကာနိုင်ငံတွင် စီးပွားရေး ကျပ်တည်းခြင်း၊ ဒေါ်လာ ပြတ်တောက်ခြင်း၊ စက်သုံးဆီ၊ ဆေးဝါးနှင့် အစားအစာများ ဝယ်မရဖြစ်နေခြင်း၊ ငွေကြေး ဖောင်းပွဲခြင်း၊ ပြည်ပကြွေးမြီ များပြားခြင်း၊ စီးပွားရေး ပြိုလဲခြင်း၊ ဘဏ်များ ပြိုလဲခြင်းတို့ ကြောင့် ပြည်သူများက ပြည်လုံးကျွတ် ဆန္ဒပြပွဲများ ဆင်နွှဲကာ သမ္မတအိမ်တော်နှင့်ဝန်ကြီးချုပ်အိမ်တော်ကို စီးနင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် သမ္မတမှာ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေရပြီး သမ္မတ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရှိရပေ။
ဓာတ်ပုံ- သိမ်းပိုက်စီးနင်းထားသော သမ္မတအိမ်တော်နှင့် ဝန်ကြီးချုပ်အိမ်တော်တွင် ပုံမှန်အတိုင်း နေထိုင် သွားလာ စားသောက်နေကြသည့် သီရိလင်္ကာပြည်သူများ။
Photo- Agencies။