ရန်ကုန်၊ဇူလိုင် ၁၁
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထိန်းသိမ်းထားသည့်ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အမျိုးသား ၈ ဦးကို ဇူလိုင် ၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁နှင့် ၂၀၂၂ ခုနှစ်များက AA မှ ဖမ်းဆီးခဲ့သည့် ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ဘရွာမှမော်လဝီမာမောက် တာမီ၊ ခေါ်လီမူလ္လာ၊ အာယက်ဖိုယက် ဖုံညိုလိပ် (မွတ်ဆလင်)ရွာမှ ရော်ဖီးမာမောက်တူဆောင်း၊ ဆွေယောစ်နိုရ်၊ နိုရ်ရူဆာဒိတ်၊ မာမောက်အာယာစ်နှင့် ရီချမ်းပြင်ရွာသစ်မှ ချုပ်ကူတို့ကို ပြန်လွှတ်ပေးလိုက်သည်ဟု AA ကပြောသည်။
ယင်းပြင် အစ္စလာမ်ဘာသာရီးပွဲတော် “ကုရ်ဘာနီနိ”အထိမ်းအမှတ်အဖြစ်ဘူးသီးတောင် မြို့နယ်က မွတ်ဆလင်ရွာပေါင်း ၂၂ ရွာမှ မွဆလင်အမျိုးသား၊ အမျိုးသမီး ဦးရေ ၄၅၀ အား အဝတ်အထည်များ လှူဒါန်းပေးခဲ့ကြောင်းလည်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုသည်။
“ဒီလူတွေကို အစ္စလာမ်ဘာသာရီးပွဲတော် “ကုရ်ဘာနီနိ”အထိမ်းအမှတ်အဖြစ် ရက္ခိုင်-မူဆလင် ချစ်ကြည်ရင်းနှီးမှု ပိုပြီးခိုင်မာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်ပေးတာဖြစ်ပါတယ်။ ပြီးတော့ မွတ်ဆလင်ရွာပေါင်း ၂၂ ရွာက အမျိုးသား၊ အမျိုးသမီး ၄၅၀ ဦးကိုလည်းအဝတ်အထည်တွေ လှူဒါန်းခဲ့တာရှိတယ်”ဟုပြောသည်။
၎င်းတို့ကို ဇူလိုင် ၉ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့တာဝန်ရှိသူများက ဘူးသီးတောင်မြို့နယ်ကအတွင်းတွင် အာလဖာ(၂) စစ်ဒေသတွင် သက်ဆိုင်ရာမိသားစုများထံ အခမ်းအနားဖြင့် လွှဲပြောင်းအပ်နှံခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ပြောဆိုသည်။
၎င်းတို့ ၈ ဦးကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့သည် မည်သည့်အချိန်က ဖမ်းဆီးထိန်းသိမ်းခဲ့သည့်ဆိုသည်ကို ရက္ခိုင့်တပ်တော် AA က သီးခြားပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့် ဇွန်လအတွင်း ရက္ခိုင့်တပ်တော် AA ၏ သတင်းစာရှင်းလင်းပွဲတွင် AA က ရခိုင်ဒေသခံတစ်ချို့ကို ဖမ်းဆီးထားမှုများ၊ ဖမ်းဆီးထားသည့်အရေအတွက်နှင့် မည်သည့်အတွက်ကြောင့် ဖမ်းထားသည်ကို သတင်းထောက်များက မေးမြန်းရာတွင် တိတိကျကျဖြေဆိုခဲ့ခြင်းမရှိခဲ့ပေ။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)