ရန်ကုန်၊ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ ရဲစခန်းကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ရဲစခန်းကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ (၁)၊ တပ်ခွဲ(၂)၊ တပ်ခွဲ (၄)တို့က ပူပေါင်းကာ ၁၂၀ မမ၊ ၈၀ မမ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့မ ရဲစခန်းထဲသို့ လက်နက်ကြီး ၃ လုံး ကျရောက်ခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း များပြားနိုင်ကာ အဆောက်အဦးလည်း ပျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ ဘက်မှလည်း ဒရုန်း ၂ စီး လွှတ်တင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ ရွာငံ-ပင်းတယလမ်းပိုင်း၊ ညောင်ကုန်းနှင့် လက်ပံကြားတွင် စစ်ကား ၇ စီးပါ ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့ သိရသည်။
အဆိုပါ ယာဥ်တန်းတွင် ရွာငံ-ပင်းတယမြို့နယ် ဦးစီးမှူး ဒေသဦးစီးမှူး အာကာလင်း လိုက်ပါလာပြီး ရွာငံမြို့မှ ပြန်လာစဥ် ကျောက်ဆည် နဂါးနီ ပျောက်ကြားတပ်ဖွဲ့ နှင့် ရွာငံပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ဖောက်ခွဲ တိုက်ခိုက်ခံရမှု ဖြစ်စဥ်အတွင်း စစ်ကား ၂ စီး ပျက်ဆီးခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း ပွဲချင်းပြီး သေဆုံးခဲ့ကာ စခ(၁၀)ကောင်ခန့် နေရာတွင်ပွဲချင်းပြီးသေဆုံးကာ သေဆုံး စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို အောင်ပန်းမြို့ ကုတင် ၇၀၀ စစ်ဆေးရုံသို့ သယ် ဆောင်သွားကြောင်း သိရသည်။