28 C
Yangon

ဝက်လက်၊ ခင်ဦးနှင့် သရက်ချောင်းတို့တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုနှင့် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် PDF ၅ ဦးကျဆုံးပြီး ပြည်သူ ၁ ဦးကွယ်လွန်

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း၊ ဝက်လက်နှင့်ခင်ဦးမြို့နယ်၊ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တို့တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုနှင့် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် PDF ၅ ဦးကျဆုံးပြီး ပြည်သူ ၁ ဦးကွယ်လွန်ခဲ့ကာ ပြည်သူ ၇ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စိုင်နိုင်လေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးပွဲချင်းပြီး သေဆုံးကာ ၂ ဦး အသက် အန္တယ်ရယ် စိုးရိမ်ရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များသည် ရွှေဘိုဘက်မှ အိမ်စီးကားများဖြင့် ရောက်ရှိလာပြီး အင်အား ၃၀ ကျော်ခန့်ပါဝင်ကာ စိုင်နိုင်လေးကျေးရွာ အတွင်းနှင့် လမ်းဘေးဝဲယာတို့ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်၍ ပြည်သူ ၁ ဦးပွဲချင်းပြီး သေဆုံး ၂ ဦး အသက် အန္တရယ် စိုးရိမ်ရကြော်ငး၊ အခြားပြည်သူ ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” လက်နက်ကြီးကျလို့ ပြည်သူပိုင် နေအိမ် တချို့လည်း ပျက်စီးခဲ့တယ်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ၇ ဦး ထိမှန်ခဲ့တယ်။ ရွာသား ၁ ဦးက နေရာမှာပဲ ကျဆုံးခဲ့တယ်။ ၂ ဦးကတော့ ခန္တာကိုယ် တခြမ်းလုံး စုတ်ပြတ်သွားခဲ့လို့ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်။ အလွန်စိုးရိမ်စရာအခြေအနေရှိနေတယ်လို့သိရပါတယ်။ ကျန် ၄ ဦးမှာလည်း ဆေးကုသမှု ခံယူနေရတယ်” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ကျေးရွာ အတွင်းရှိ အိမ်မွေး တိရိစ္ဆာန်များလည်း ထိမှန်သေဆုံးခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားပြီး ဝက်လက်သို့အပြန်လမ်းတွင် လမ်းဘေးတလျောက် သေနတ်များဖြင့် ရမ်းသမ်း ပစ်ခတ်သွားကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာကို စစ်ကောင်စီတပ်များက ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်း အင် အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်ပြီး PDF ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

“မနက်စောစော စစ်တပ်က ဝင်တိုက်တာ ကင်းစောင့်နေတဲ့ သုံးယောက်ကျသွားတယ်။ အရမ်းတက်ကြွတဲ့သူတွေချည်းပဲ” ဟု ကျောက်လှေကားရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက ကျောက်လှေကားရွာနှင့် သူရဲတောင်ရွာမှ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်PDF နှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရောင်းမော်ရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ရောင်းမော်ကျေးရွာအနီးတွင် ရွာသားတစ်ဦးလည်း ကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး သေဆုံးသူမည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုချက်မရရှိသေးပေ။

အလားတူ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၆ နာရီအချိန် စစ်ကိုင်းတိုင်း ရေဦးမြို့ ကြာပန်းအဝိုင်းပတ်အနီးရှိ စစ်ကောင်စီတပ်က ၁၂၀လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ခင်ဦးမြို့နယ်၊ အင်ပတ်ကျေးရွာသားတစ်ဦး‌ ကျည်ထိမှန်၍ အရေးပေါ်ဆေးကုသမှု့ခံယူခဲ့ရကြောင်း သိရှိရသည်။

“ဘာကြောင့်ပစ်ခတ်တာလဲဆိုတော့ဗျာ ဒီကောင်တွေ ရှုံးမဲမဲနေပြီလို့ပဲ ပြောရမယ်။မြေပြင်မှာ ဘာတိုက်ပွဲမှ လည်း မဖြစ်ပါဘူး။ သူတို့ပစ်ချင်လို့ကို ပစ်ခတ်ကြတာ။ သူတို့ပစ်နိုင်တာ ကျွန်တော်တို့လို အရပ်သားတွေပဲပစ်နိုင်တာပါ။ PDFတွေကို မပစ်နိုင်တော့ ဒေသခံအရပ်သားတွေကို ပစ်တယ်၊သတ်တယ်။ အင်ပတ်ကျေးရွာသား အသက်၃၅နှစ်အရွယ် ကိုတုပ်ပေါ ကျည်ထိမှန်တယ်ဗျ။ ဒဏ်ရာတွေကတော့ ခန္ဓာကိုယ်တစ်ခုလုံးရထားတယ်။ ပေါင်ကဒဏ်ရာကတော့ အတော်လေးများတယ်ဗျ။ အသက်အန္တရယ်ကတော့မစိုးရိမ်ရဘူးလို့တော့ထင်တာပဲ။ အခုလောလောဆယ်တော့ ဆေးကုသမှုတွေ လုပ်နေရတယ်” ဟု ခင်ဦးမြို့နယ်၊ အင်ပတ်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article