27 C
Yangon

စစ်တပ်နှင့်ရဲတပ်ဖွဲ့ အရာရှိများက လက်အောက်ငယ်သား နှင့် ပြည်သူအပေါ် ဖိနှိပ်ညှဉ်းပန်း အနိုင်ကျင့် ငွေရှာနေမှု အခြေအနေဆိုးရွားလာ၊ ဒုဗိုလ်မှူးကြီးကျော်သူအောင်၊ ဒုရဲမှူးဇော်ဝင်း၊ ဗိုလ်ကြီးမျိုးသန့်ဇင်နှင့်အောင်ကျော်မင်းတို့ ဖိနှိပ်ညှဉ်းပန်းမှု ဆိုးလာ

Must read

By ရန်ကုန်ခေတ်သစ်

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်တပ်နှင့်ရဲတပ်ဖွဲ့ အရာရှိများအရာရှိများက လက်အောက်ငယ်သား နှင့် ပြည်သူအပေါ် ဖိနှိပ်ညှဉ်းပန်း အနိုင်ကျင့် ငွေရှာနေမှု အခြေအနေဆိုးရွားလာပြီး ထိုသို့ ဖိနှိပ်သူများတွင် ဒုဗိုလ်မှူးကြီးကျော်သူအောင်၊ ဒုရဲမှူးဇော်ဝင်း၊ ဗိုလ်ကြီးမျိုးသန့်ဇင်နှင့်အောင်ကျော်မင်းတို့ ပါဝင်ကြောင်း သိရှိရသည်။

ဒုရဲမှူးဇော်ဝင်း

=========

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲတပ်ရင်း ၃၆ တပ်ခွဲ ၃ ခွဲမှုး ဒုရဲမှုးဇော်ဝင်းသည် ရဲတပ်ဖွဲ့ဝင်များ၏ ရိက္ခာငွေကြေးအားလုံးကို သိမ်းယူပြီး ထမင်းဟင်းများကို ဖြစ်သလို ချက်ပြုတ်ကျွေးမွေးခြင်း၊ ရဲတပ်ဖွဲ့အတွင်း တပည့်မွေး အုပ်စုဖွဲ့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခြင်း၊ တပ်ဖွဲ့ဝင်လစာများမှ ငွေကြေးများ ဖြတ်ယူ အနိုင်ကျင့်ခြင်းများလုပ်ဆောင်သဖြင့် ရဲတပ်ဖွဲ့အတွင်း မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အမိန့် မနာခံလျှင် ပစ်ခတ်သတ်ဖြတ် ခြိမ်းခြောက်မှုများ လုပ် ဆောင်နေ‌ကြောင်း သိရှိရသည်။

“ရဲတပ်ဖွဲ့အထဲမှာ အတော်ကို လူမဆန်အောင် အနိုင်ကျင့်မှုတွေဖြစ်နေပါတယ်။ ကိုယ့်တပ်ဖွဲ့ထဲမှာတောင် ဒီလိုဖြစ်နေတယ်ဆိုရင်တော့ ပြည်သူအပေါ် ဘယ်လို ဆက်ဆံမလဲ စဉ်းစားကြည့်ပါ။ ပြေးတဲ့သူလည်း ပြေးဖို့ ပြင်ကြပြီ။ အခုက တိုင်လည်း အထက်က ဘာမှ အဖက်မလုပ်တော့ဘူး။ လူလည်းမရှိတော့ဘူး” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ကျောက်တံခါးမြို့နယ်မှ ဗိုလ်ကြီးမျိုးသန့်ဇင်နှင့် ဗိုလ်ကြီးအောင်ကျော်မင်း

=========================================

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဒေသ၊ ရွှေဝါကျေးရွာရှိ ၃၀၇ တပ် ရင်းမှ ဗိုလ်ကြီးမျိုးသန့်ဇင် (စိုက်ပျိုး/မွေးမြူ) နှင့် တပ်ရေးဗိုလ်ကြီးအောင်ကျော်မင်း (ယာယီနောက်တန်းမှူး) တို့သည် တပည့် တပ်ကြပ်ကြီးအုန်းကြိုင်နှင့်အတူ ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့၊ အောင်မြင်မြို့များကို ညစဉ် ဧည့် စာရင်း စစ် ပြည်သူများကို ရိုက်နှက် ဖမ်းဆီး ငွေကြေး တောင်းယူလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဗိုလ်ကြီးနှစ်ဦးက ပြည်သူများကို ရိုက်နှက်ညှဉ်းပန်း ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းယူ ညှိနှိုင်း ပြန်လွှတ်ပေးမှုများ ဆက်တိုက် ဆိုသလို ကျူး လွန်လျက်ရှိသည့်အပြင် ရာထူးတက်ရန် အကြောင်းမရှိတော့သည့်အတွက် ငွေရှာမည်ဟု ကြိမ်းဝါး ပြောဆိုသူများဖြစ်ကြောင်း သိရှိရသည်။

“ဗိုလ်ကြီး မျိုးသန့်ဇင်၊ ဗိုလ်ကြီးအောင်ကျော်မင်း၊ ဆရာကြီးအုန်းကြိုင် (ခလရ ၅ မှ ပြောင်းလာသူ) က ညဘက်ဆို ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့၊ အောင် မြင်မြို့မှာရှိတဲ့ နေအိမ်တွေကို အတင်းဝင်ဧည့်စာရင်းစစ်။ အိမ်ရှင်တွေကို ခေါင်းစဥ်အမျိုးမျိုးတပ် ဖမ်းဆီးတယ်။ တပ်ထဲခေါ် လူတွေကိုရိုက်နှက်ပြီး ငွေတောင်းပြန်လွှတ်တယ်။ ဒီကောင်တွေက ဒီအချိန်မှာ လူတွေရဲ့ဘ၀က သူတို့ပါးစပ်မှာပဲရှိတယ်။ PDFနဲ့ဆက်သွယ်တယ်၊ ထောက်ပံ့တယ်ဆိုပြီး အထက်ကို တင်ပြ မတရား လုပ်တယ်။ ရိုက်နှက်တယ်။ ငွေညှစ်တယ်။ သူတို့က ရာထူးတိုးစရာလည်း မရှိတော့တဲ့ OTS အလုပ်သင်ဗိုလ်သင်တန်းကျောင်းက လာတာ။ ခေတ်ပျက်မှာ ငွေရှာမယ်ဆိုတဲ့သူတွေ ” ဟု ပဲနွယ် ကုန်းမြို့ခံတစ်ဦးက ပြောသည်။

ခမရ ၄၁၄ မှ ဒုတိယဗိုလ်မှူးကြီး ကျော်သူအောင်

===========================

စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ခြေမြန်တပ်ရင်း ဒုတိယဗိုလ်မှူးကြီး ကျော်သူအောင်သည် တပ်အတွင်းနှင့် ပြည်သူများအပေါ် အလွန်ဆိုးဝါးသော တပ်ရင်းမှူးတစ်ဦးဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။

အမှတ် ၆ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်( စကခ ၆ ) ခြေမြန်တပ်ရင်း ခမရ ၄၁၄ သည် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ တပ်ရင်းတစ်ရင်းတစ်ခုဖြစ်ပြီး ပဲခူး တိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးနှင့်မုန်းဒေသကို တာဝန်ယူနေရသော စစ် တပ် တပ်ရင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် တပ်ရင်းမှူ ဒုတိယဗိုလ်မှူးကြီးကျော်သူအောင်နှင့် ဇနီး လဲ့လဲ့ဝင်းဟန်တို့ တပ်အတွင်း ဖိနှိပ်မှုများ လုပ်ဆောင်ကြောင်း၊ တပ်မိ သားစုမှန်သမျှ အပြင်ထွက်ခွင့်မပေးဘဲ တပ်ရိက္ခာ၊ လစာများကို ဖြတ်တောက် ခြင်း၊ တပ်အတွင်း တပည့်မွေး၍ ရှေ့တန်း၊ နောက်တန်းတာဝန်ခွဲခြားမှုများကို လာဘ်ငွေယူ လုပ်ဆောင်ပေးခြင်း၊ ရှေ့တန်းရောက် ရဲဘော်များ သေဆုံးလျှင်လည်း အမှန်တိုင်း တင်ပြခြင်းမရှိဘဲ နှုတ်ဆိတ်ပြီး လစာထုတ်ယူခြင်း စသည့် ဖိနှိပ်မှုများစွာကို လုပ်ဆောင်နေကြောင်း သိရှိရသည်။

“တပ်ရင်းမှူးနဲ့အဆင်ပြေတဲ့သူတွေကို သက်သာဆိုင်တို့ တပ်ကန်တင်းတို့မှာ ထားပါတယ်။ ရှေ့တန်းမသွားခိုင်းဘူး ။ သူ့ကို ဖားယားနိုင်သူ ကန်တော့နိုင်တဲ့သူတွေကို နေရာပေးတယ်။ သူ့မျက်မုန်းကျိုးရင်တော့ ရှေ့တန်းလိုက်ရတော့တာပဲ။ မဖားနိုင်တဲ့သူတွေဆိုရင်အကုန်ရှေ့တန်းပို့တယ်။ သူက တောင်ငူခရိုင်ထဲမှာ စခန်းထိုင်တယ်။ အခြား စစ်သည်တွေက တပ်ပြန်မလာရဘူး၊ တပ်ရင်း မှူးက ၁ လ ကို ၂ ခါလောက် သူ့မိန်းမဆီ ပြန်လာအိပ်တယ်။ လာရင်လည်း တပ် တွင်းမှာ အပြင်မထွက်ရဘူးသာ ပြောတာ သူ့မိန်းမ သူ့သားသမီးတွေနဲ့ ဘုရားဖူးထွက်လည်။ မိသားစုနဲ့ပျော်ရွှင်လို့ ကျမတို့ ယောင်္ကျား တွေကတော့ ရှေ့တန်းမှာ ၂နှစ် ကျော်ပြီ။ ပြန်လည်း မလာရ။ သေမှာလား ရှင်မှာလားမသိတဲ့ဘ၀တွေ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

တပ်ပိုင်ငွေကြေးများကို တပ်ရင်းမှူးကတော် လဲ့လဲ့ဝင်းဟန်က စိတ်တိုင်းကျ စီမံခန့်ခွဲပြီး သူပိုင်ငွေကြေးကဲ့သို့ ဖြတ်စားမှုများစွာ ရှိကြောင်း၊ ရန်ပုံငွေ ပိုလျှံသမျှ အကုန်အိတ်ထဲထည့်ကြောင်း သိရှိရသည်။

တပ်ရင်းမှူး ကျော်သူအောင်၏ သွေးခွဲအုပ်ချုပ်မှုကြောင့် ရှေ့တန်းတွင် အချင်း ချင်း ပစ်ခတ်မှုဖြစ်ပြီး စစ်သည်တချို့ သေဆုံးသွားကြောင်း၊ လွန်ခဲ့သော လအနည်းငယ်က တပ်သား အောင်လင်းစိုးနှင့်ဒုတပ်ကြပ် အေးမင်းဝင်းတို့တိုက်ပွဲတွင်သေဆုံးခဲ့ပြီး လက်နက် ၂ လက် ပါသွားကြောင်း၊ တပ်ပြင်ပတွင်လည်း တပ် ရင်းမှူးနှင့်အဖွဲ့က ပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“သူ ရာထူးတိုးဖို့ အထက်လူတွေကိုဖားပြီး ခိုင်းတာ ဘာမဆို လုပ်တယ်။ သူရာထူးတက်ဖို့ လူကြီးတွေကိုဖားပြီး ကျမတို့ယောင်္ကျားတွေက အသက်တွေ စ တေး ခံနေရပါတယ်။ သူအပွင့်တင်ဖို့အတွက်။ သူရာထူးတိုးဖို့ လက် အောက်ငယ်သားဘ၀တွေကို စတေးတဲ့ ခေါင်းဆောင်ကို ဘယ်လိုယုံကြည်ရမလဲ။ ကိုယ့်လင် ဘယ်နေ့သေမလဲ သတင်းစောင့်နေရတယ်။ သူ့ကိုကျမတို့တပ်က ဘဝတူရဲမေတွေအကုန်လုံး အလိုမရှိကြဘူး။ တပ်က ပျက်နေပါပြီ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article