By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ အရာရှိ တွေက လက်အောက်ငယ်သားနဲ့ ပြည်သူအပေါ် ဖိနှိပ်ညှဉ်းပန်း အနိုင်ကျင့် ငွေရှာနေမှု အခြေအနေ ဆိုးရွား လာပြီး အဲ့ဒီဖိနှိပ်သူတွေထဲမှာ ဒုဗိုလ်မှူးကြီးကျော်သူအောင်၊ ဒုရဲမှူးဇော်ဝင်း၊ ဗိုလ်ကြီးမျိုးသန့်ဇင်နဲ့ အောင်ကျော်မင်း တို့ ပါဝင်တယ်လို့သိရပါတယ်။
– ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ရွာမှာ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၃ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ KNU တပ်တွေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့ပါတယ်။
– ရန်ကုန်တိုင်း၊ အလုံမြို့နယ် ထီးတန်းဆိပ်ကမ်းမှာ မနေ့က ပနားမားနိုင်ငံအလံတင်သင်္ဘောတစ်စင်း စစ်သင်္ဘော 602 အစောင့်အရှောက်နဲ့ ဆိုက်ကပ်လာပါတယ်။
– ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ ငွေလွဲလုပ်ငန်းဓားပြတိုက်မှုနဲ့ လုယက်အနုကြမ်းစီးမှုတွေဖြစ်ပွားနေပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟီနန်ပြည်နယ် Zhengzhou မြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့က တရုတ်အစိုးရ အရာရှိ တွေရဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ကန့်ကွက်တာနဲ့ ဘဏ် ၄ ခုက ပြည်သူပိုင်အပ်ငွေတွေကို ပြန်ထုတ်မ ပေးတာတို့အပေါ် တရုတ်ပြည်သူ ၁၀၀၀ ကျော်က ဆန္ဒပြကြပြီး အဲ့ဒီဆန္ဒပြပွဲကို တရုတ်အာဏာ ပိုင်တွေက အရပ်ဝတ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။