ရန်ကုန်၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာတွင် နေထိုင်သော ကန့်ဘလူမြို့နယ် NLD အလုပ်အမှုဆောင် အသက် ၇၀ နှစ်အရွယ် ဦးကျော်မြင့်ကို ပျူစောထီးများက ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများနှင့် NLD အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
ဇူလိုင်လ ၈ ရက်နေ့တွင် ဦးကျော်မြင့်ကို တောက္ကရှပ်ကျေးရွာမှ ပျူစောထီးများက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဇူလိုင်လ ၉ ရက်နေ့တွင် သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ အလောင်းကို ပျူစောထီးများနှင့်ရဲများကပင် သဂြိုလ်လိုက်ပြီး မိသားစုကို အလောင်းပြန်မပေးကြောင်း သိရှိရသည်။
“ဦးကျော်မြင့်က အသက်ကြီးနေတော့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း ဘာမှ မပါတော့ဘူး။ သူ့ဟာသူ အေးအေးဆေး ဆေးနေတာ၊ အာဏာသိမ်းကတည်းက ကျန်းမာရေးလည်း သိပ်မကောင်းလှဘူး။ အဲဒါကို ပျူစောထီးတွေက ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တာပါ။ အဲဒီ တောက္ကရှပ်ရွာဆိုတာကလည်း ပျူစောထီးနဲ့ ကြံ့ဖွတ် တအားများတဲ့ရွာ။ ဟိုတလောက စစ်ခွေးတေကို အိုးစည်ဒိုးပတ်နဲ့ ကြိုတဲ့ ရွာပေါ့။ လူသတ်မှုအတွက် ပျူစောထီးတွေကို အရေးယူမှု တစ်စုံ တစ်ရာမရှိဘူး။ သူတို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့အခြေအနေဖြစ်နေတယ်” ဟု ကန့်ဘလူဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ပျူစောထီးများက သတ်ဖြတ်လိုက်သော ကန့်ဘလူမြို့နယ် NLD အလုပ်အမှုဆောင် အသက် ၇၀ အရွယ် ဦးကျော်မြင့်။