ရန်ကုန်၊ ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ Kaung For you သင်တန်းကျောင်းအတွက် အွန်လိုင်းမှ စာသင်ပေးနေသူ CDM ကျောင်းဆရာမ ဒေါ်စိုးမြမြ ကို ယမန်နေ့ညနေပိုင်းတွင် စစ်တပ်နှင့်ရဲများက လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သူများက အတည်ပြုပြောဆိုသည်။
“မနေ့ ညနေ ၃ နာရီမှာ မိုးကောင်းမြို့နယ် ကညှင်မြိုင်ရွာမှာ CDM ဆရာမ ဒေါ်စိုးမြမြကို စစ်တပ်နဲ့ရဲတွေလာဖမ်းသွားတယ်။ ဆရာမက Kaung For You မှာ စာသင်ပေးနေတာ။ အရင်ဆုံး ဒလန် ကညှင်မြိုင်ရွာသား ဖြိုးဖြိုးက ဆရာမ အိမ်မှာရှိ၊ မရှိအရင် လာကြည့်တယ်။ ဆရာမကို အိမ်မှာ တွေ့တော့မှ တပ်နဲ့ရဲကိုခေါ်ပါတယ်။ လက်ပတော့တွေ ဖုန်းတွေပါ သိမ်းသွားပါတယ်” ဟု ကျေးရွာသားတစ်ဦးက ပြောသည်။
လက်ရှိတွင် Kaung For You အတွက် စာသင်ကြားပေးနေသော ကျောင်းဆရာမ တချို့ ဆက်တိုက် ဖမ်းဆီးခံနေရပြီး kaung For you တည်ထောင်သူ ဖမ်းဆီးခံရသော သတင်းများ ထွက်ပေါ်နေကာ အချက်အလက်များ ပေါက်ကြားသဖြင့် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။