ရန်ကုန်၊ ဇူလိုင် ၁၄
ပခုက္ကူ၊ လောင်းလုံး၊ တမူး၊ တနင်္သာရီနှင့် ဘီးလင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင်နှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူနှင့်ကြံ့ဖွတ်ပါတီဝင်များ ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကံကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးနှင့် လက်ပါးစေ ရွာလူမိုက် သန်းဇော်ဦးကို ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေတွင် ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Young Force – UG အဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ လူမိုက် သန်းဇော်ဦးသည် စစ်ကောင်စီလက်ပါးစေ ပျူစောထီး ချစ်ထွေး ၏ ခိုင်းစေချက်အရ စစ်ဆေးရေးဂိတ်တွင် လုပ်ကိုင်နေခြင်းဖြစ်ကြေကြာင်း၊ တနေ့လျှင် ၅,၀၀၀ ကျပ်ရကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
လူမိုက် သန်းဇော်ဦးသည် စစ်ဆေးရေးဂိတ်မှ ပြန်လာစဉ် လမ်းခုလတ်မှ စောင့် ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကြိုးတုပ်နေစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း ၊လောင်းလုံးမြို့နယ် ၊ ကရင်ကြီးကျေးရွာမှ ကြံ့ဖွတ်ပါတီဝင် မောင်ဝင်းကို ယမန်နေ့ နံနက် ၅ နာရီအချိန် သဘော့ဆိပ်စျေးတွင် စျေးရောင်းရန် ပြင်ဆင်ပြီးအပြန် လက်ဖက်ရည်ဆိုင်အနီး ပစ်ခတ်ခံရပြီး သေ ဆုံးသွားကြောင်း သိရှိရသည်။
” သူက စစ်ကောင်စီတပ်တွေနဲ့ဆက်သွယ်သတင်းပေးတာတွေလုပ်တယ်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး တပည့်အရင်းကြီး ခိုင်းတာအကုန်လုပ်နေတဲ့သူပေါ့။ ရွာကဒလန်တွေထဲမှာသူလည်း စာရင်းဝင်တစ်ယောက်ပဲ”ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။
ကြံ့ဖွတ်ပါတီဝင် မောင်ဝင်း၏အလောင်းမှာ ထားဝယ်ဆေးရုံကြီးသို့ ရောက်ရှိနေပြီး ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ထို့ပြင် စစ်ကိုင်းတိုင်း တမူးမြို့ နန်းဖာလုံ ရပ်ကွက်တွင် နေထိုင်သည့် ရာအိမ်မှူး အောင်ဆွေကို ကာကွယ်ရေး တပ်ဖွဲ့များက စစ်တပ် လက်အောက်ခံ အဖြစ် ဆက်လက် မလုပ်ဆောင်ရန် ဇူလိုင်လ ၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် သွားရောက် သတိပေးစဥ် ပြန်လည် ခုခံတိုက်ခိုက် ခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။
နန်းဖာလုံရပ်ကွက်မှ သေဆုံးသွားသော ရာအိမ်မှူး အောင်ဆွေသည် ရပ်ကွက် အတွင်း၌ လူမနေသော အိမ်များရှိ မီတာ ဘောက်များကို ဖြုတ်ယူခြင်း၊ မီတာခမဆောင်သည့် နေအိမ်များကို မီးဖြတ်ပြီး မီးတာ ဘောက်များကို ဖြုတ်ယူ ရောင်းစားကြောင်း၊ ထို့ပြင် ပျူစောထီးအဖွဲ့ ပါ ဖွဲ့စည်းကာ စည်းရုံးလုပ်ဆောင်နေသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန္ဓောရွာတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ အသေးလေးကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အသေးလေးသည် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ကျေးရွာများမှ လူမနေသော အိမ်များရှိ ပစ္စည်းများကို ခိုးယူကြောင်း၊ အကြမ်းဖက် စစ်တပ်အတွက် လိုအပ်သော ရိက္ခာများကို ဝယ်ယူပေးခြင်း၊ ထောက်ပံ့ခြင်းများ လုပ်ဆောင်ကာ စစ်တပ် သတင်းပေးအဖြစ်လည်း လုပ်ဆောင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ် ဘီးလင်းမြို့ သပြေနီကျေးရွာတွင် စစ်တပ် သတင်းပေး ပျူစောထီးခေါင်းဆောင် မျိုးစည်သူကို ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် KRF နှင့် တပ်ရင်း ၂ တို့ပူးပေါင်းကာ သပြေနီ ဘုန်းကြီးကျောင်းထဲ ဝင်ရောက် ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှု ပြုလုပ်ပြီး ရှင်းလင်းခဲ့ကြောင်း KRF အဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ပခုက္ကူမြို့နယ်၊ မြောက်လူးကံကျေးရွာမှ စစ်ကောင်စီ သတင်းပေးနှင့် လက်ပါးစေ ရွာလူမိုက် သန်းဇော်ဦးက စစ်တပ်ထံသတင်းပေးပို့ ဆက်သွယ်မှုနှင့် စစ်တပ်ဘက်က ထုတ်ပေးထားသည့် ကတ်ပြား။ စစ်တပ်ဂိတ်တွင် တစ်နေ့လျှင် ၅၀၀၀ ဖြင့် လုံခြုံရေးစောင့်ပေးခြင်းဖြစ်သည်။