ရန်ကုန်၊ ဇူလိုင် ၁၄
တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ပုလော PDF နှင့် မဟာမိတ် တပ်ပေါင်းစုတို့က ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပုလော PDF တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် နန်းထိုက်အောင်စစ် ဆင်ရေး အဖြစ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုများ အပြင်းအထန်ဖြစ်ပွားခဲ့ကာ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်တွင် ပစ်ခတ်မှူများ ငြိမ်သက်ခဲ့ပြီး မဟာမိတ် တော်လှန်ရေး တပ်ပေါင်းစုဘက်မှ ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပုလော PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာနှင့်ဆင်ချောင်းကျေးရွာအကြား ရွာချင်းဆက်လမ်းပေါ်ရှိ လယ်ကြီးတံတားအနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော အိမ်စီးကား ၁ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ၂ ကြိမ် ၂ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ ၁ ဦး သေဆုံးပြီး ၆ ဦး ပြင်းထန် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို K.N.T ပြောက်ကျားတပ်၊ Yesagyo PDF၊ N-YSOပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Township တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဟင်္သာပျူစခန်းမှ ကား ၂ စီးဖြင့် စစ်ကူရောက်လာပြီး ၆၀ မမ၊ ၄၀ မမ တို့ဖြင့် ဘေးပတ်ဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။