26 C
Yangon

တန့်ဆည်တွင် ကင်းလှည့်နေသော စစ်ကြောင်းကို PDF က တိုက်ခိုက်မှု စစ် သား ၃ ဦးသေ၊ ကောလင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးကာ PDF ၃ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီခန့်အချိန် ကင်းလှည့်ထွက်လာစဉ် တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆) တပ်ရင်း(၇) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကြောင်း တန့်ဆည်PDF ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်သား ၁၄ ဦးကို အင်္ကုက္ကားရွာနှင့် အုတ်ဖိုအိုင်ရွာကြားတွင် တန့်ဆည်PDF ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ရာ ၁၀မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ဦးသေ၊ ၄ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် သရက်ခုံရွာသို့ ဒုတိယအကြိမ် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဇူလိုင်လ ၁၃ ရက်နေ့ လှည်းပွဲရွာသို့ အရောက် KLPDF တပ်ရင်း (၁)၊ ကောလင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် Secret Warrior(UG) ပူးပေါင်းတပ်များက တိုက်ခိုက်ကြောင်း သိရှိရသည်။

စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်များက လိုက်လံ ပစ်ခတ်တိုက်ခိုက်ရာမှ အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကြောင်းသည် လှည်းပွဲရွာမှ မြောင်းကြီးရွာသို့ အကူး လမ်းတွင် PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း ကောလင်း ဒေသသတင်းရင်းမြစ် Kawlin Info မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်တပ်နှင့် PDF တပ်ဖွဲ့များ၏ ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး နှင့် PDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း၊ ကျန် ၄ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်သည်။)

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article