ရန်ကုန်၊ ဇူလိုင် ၁၅
ရေစကြိုမြို့နယ် ချစ်သူရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များ ယနေ့ ဇူလိုင် ၁၅ ရက်နေ့တွင် ဝင်ရောက်ကာ ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့၏ နေအိမ်များရှိ ပစ္စည်းများကို ခိုးယူလုယက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဖမ်းဆီးခံရသည့် ရွာသားများမှာ ဦးကျော်မင်းတင့်၊ ဒေါ်တင်ဇာ (ဦးကျော်မင်းတင့်၏ဇနီး)၊ ဦးအောင်လင်း၊ ဒေါ်ခင်မျိုးသက်၊ ဒေါ်ပြူးတို့ ဖြစ်ကြပြီး NLD ပါတီကို ထောက်ခံကြသူများ ဖြစ်ကြကြောင်း ဒေသခံများက ပြောသည်။
“ရွာမှာက အနီနဲ့ အစိမ်း ကွဲနေပြီး အခုအဖမ်းခံရတာတွေက အနီတွေပါ။ NLD အောင်နိုင်ရေးမှာ ပါဝင်ခဲ့သူတွေမို့ အစိမ်းတွေက အမြင်မကြည်တာ ကြာပြီပြောပါတယ်။ အရင်တုန်းကလည်း ၄ လပိုင်းတုန်းက တစ်ကြိမ်၊ ၆ လပိုင်း ၂ ရက်နေ့တုန်းက ဒုတိယအကြိမ် ရွာထဲ လူလာရှာပြီး မတွေ့လို့ အိမ်တွေကို ဝင် မီးရှို့သွားပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
ချစ်သူရွာရှိ ရွာသားနှစ်ဦးမှာ လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီဝင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေပြီး ပထမအကြိမ် မီးရှို့ခံရပြီးနောက် နောက်တကြိမ် ထပ်ရှို့မခံစေရဟု ချစ်သူရွာသား စစ်ကောင်စီဗိုလ်ကြီး ၁ ဦးက ကတိပေးအာမခံခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က ဇွန်လ ၂ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူများကို ပခုက္ကူစစ်ကြောရေးသို့ ခေါ်ဆောင်သွားသည်ဟု ကြားသိရပြီး ချစ်သူရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောကြားသည်။
ပုံစာ- ချစ်သူရွာပထမအကြိမ် မီးရှို့ခံရစဉ်။