ရန်ကုန်၊ ဇူလိုင် ၁၅
မွန်ပြည်နယ်၊ သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေး ရွာတွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ စစ်ကော်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်စဉ် ယာဉ်တန်းမှ ဗိုလ်တစ်ဦး ကြောက်လန့်ပြီး ထွက်ပြေးရာမှ ကားတိုက်သေဆုံးကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃)က သတင်းထုတ်ပြန် သည်။
ဇူလိုင် ၁၅ရက်နေ့ နံနက် ၁၀နာရီခန့်တွင် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် ၂ လေးဒေါင့်ကန် အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း – ၃ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိုင်းဆွဲမှုကြောင့် ရှေ့ပြေးကင်းပုန်းမှ စစ်ဗိုလ်တစ်ဦး တိုက်ပွဲအတွင်း အလန့်တကြားထွက်ပြေးရာမှ ကားတိုက်သေဆုံး ခဲ့ကြောင်း ဖော်ပြထားသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်းဝမ်ကောင်ကျေးရွာ ဆဒုံးရေတံခွန် အနီးရှိ ဦးရွှေမင်း ဦးဆောင်သော အကြမ်းဖက် စစ်တပ် လက်အောက်ခံ လီဆူး ပြည်သူ့စစ် စစ်ဆေးရေး ဂိတ်စခန်းကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၂ မိနစ်တွင် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရင်းမြစ် များထံမှ သိရသည်။
လီဆူး ပြည်သူ့စစ် စစ်ဆေးရေး ဂိတ်စခန်းကို KIA တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်ချိန်တွင် ပြည်သူ့စစ် အဖွဲ့များ ထွက်ပြေး တိမ်းရှောင်သွားပြီး KIA တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ဂိတ်စခန်းရှိ ကင်းတဲနှင့် ဆိုင်ကယ် ၂ စီး မီးလောင် ပျက်စီးသွားကြောင်းသိရသည်။
” KIA တပ်ဖွဲ့က လာရောက်ပစ်ခတ် သွားတာ ဟုတ်တယ်။ KIA တွေ လာရောက်ပစ်လို့ လီဆူးပြည်သူ့စစ် တွေရဲ့ ကင်းတဲ ဂိတ်တဲနဲ့ ဆိုင်ကယ် ၂ စီးမီးလောင်သွားတယ်။ သူတို့က အကုန် ထွက်ပြေးသွားကုန်ကြတာ လူသေလားမသေလားတော့ မသိဘူး။ လူနာတင်ယာဥ် ၁ စီးတော့ဖြတ်သွားတယ်။ ခုချိန် အဲ့မှာ စစ်ကောင်စီတပ်သားတွေလာရောက်နေရာယူပြီးစောင့်နေကြတယ်။ အဲ့ပြည်သူ့စစ်တွေရဲ့ ဂိတ်က ကားလမ်းဘေးမှာ ဟုတ်တယ်။ အသွားအလာ လုပ်နေတဲ့ ပြည်သူတွေကို အမြဲစစ်ဆေးပြီးငွေတွေေ ကောက်ခံနေတဲ့ ဂိတ် ကားတွေဆိုတားပြီးငွေတောင်းနေကျ” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။
ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ခင်ဦးမှ ထွက်လာသော စစ်ကား ၄ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မော်ကွန်းညီနောင်နှင့် မဟာမိတ်ဖြစ်သော နဂါးညီနောင်တို့က မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်ဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
စစ်ကိုင်း-ရွှေဘို လမ်းပိုင်းရှိ အုန်းတောနှင့် ဆားတောင်ကြားတွင် ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်က စစ်ကိုင်းမှ ရွှေဘိုဘက်ကို ဦးတည်ထွက်ခွာလာသော စစ်တပ် ၁၂ ဘီးကားကို နယ်စီးမခြား စစ်ကိုင်းသား နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ၃ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ယမန်နှစ် လုံခြုံရေးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ Photo- အီးပီအေ