27 C
Yangon

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အဆုံးတိုင် ဖြိုချဖျက်ဆီးမည်ဟု KNU က ထပ်မံ ကြေညာ

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

ကရင်အမျိုးသားအစည်းအရုံးKNU အနေဖြင့် နိုင်ငံရေးရပ်တည်ချက်တူညီသည့် အဖွဲ့အစည်းအားလုံးနှင့် အတူတကွလက်တွဲကာ မဟာလူမျိုးကြီးဝါဒနှင့် အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင် ဖြိုချဖျက်ဆီးပစ်မည် ဖြစ်ကြောင်း ၇၅ နှစ်ပြည့် ကရင့်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ KNDO သို့ပေးပို့သော သဝဏ်လွှာတွင် တရားဝင် ကြေညာထားသည်။

၁၉၄၂ မှ ၁၉၄၅ ခုနှစ်ကာလအတွင်း လူမျိုးရေးအဓိကရုဏ်းများတွင် ကရင့်ရပ်ရွာများ မီးရှို့ဖျက်ဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းနှင့် ညဉ်းပန်းနှိပ်စက်ခံရခြင်းများကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ကရင့်လက်နက်ကိုင်တော် လှန်ရေး စတင်ချိန်အထိ KNDO သည် KNU နှင့် ယနေ့တိုင် တစ်စိုက်မတ်မတ် ရပ်တည်ခဲ့ကြောင်း၊ KNDO က စစ်ရေးအရ တာဝန်များ၊ တရားဥပဒေစိုးမျိုးရေးတာဝန်များနှင့် ပြည်သူ့ဘဝလုံခြုံရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့ရာမှ ယနေ့တွင် ၇၅ နှစ်ပြည့်မြောက်သွားပြီဖြစ်သည်။

ကရင်လူများများအနေနှင့် အဘက်ဘက်မှ ရှင်သန်တိုးတက်ရန် ဘဝလုံခြုံမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးနှင့် တန်းတူညီမျှမှုအခွင့်အရေးများ ရရှိရန် မဖြစ်မနေ လိုအပ်ကြောင်း၊ ကရင့်ခေါင်းဆောင်ကြီးများ အနေနှင့် နိုင်ငံရေးအခြေအနေကို သုံးသပ်၍ နိုင်ငံရေးမဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ခေတ်နှင့် အညီချမှတ်နေကြာင်း၊ အဆိုပါ ရည်မှန်းချက်များ ပြီးမြောက်ရေး KNDO သည် KNU ၏ နိုင်ငံရေးဦးဆောင်မှုနှင့် လမ်းညွှန်ချက်အတိုင်း ရပ်တည်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကရင့်အမျိုးသားတော်လှန်ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် အချိန်ဖြစ်ပြီး ကရင့်အမျိုးသားများ တစ်လျှောက်လုံး ရင်ဆိုင်နေရသည့် ရန်သူဖြစ်သော လူမျိုးကြီးဝါဒနှင့် အာဏာသိမ်းစစ်အုပ်စုသည် ကရင့်အမျိုးသားများနှင့် လူနည်းစုများ၏ မျှော်မှန်းချက်နှင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ လိုလားတောင့်တနေသည့် လွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို အာမခံပေးနိုင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေကြောင်း၊ ထိုကြောင့် KNU အနေနှင့် နိုင်ငံရေးရပ်တည်ချက်တူညီသည့် အဖွဲ့အစည်းအားလုံးနှင့် အတူတကွလက်တွဲကာ မဟာလူမျိုးကြီးဝါဒနှင့် အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင် ဖြိုချဖျက်ဆီးပစ်မည် ဖြစ်ကြောင်း KNU ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

KNDO တပ်ဖွဲ့များ၊ ခေါင်းဆောင်များ၊ စည်သည်များနှင့် ကရင့်အမျိုးသားများအားလုံး ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေး ဦးဆောင်မှု၊ လမ်းညွှန်ချက်အတိုင်း ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရန် ကြိုးပမ်းကြရန်နှင့် ကရင့်အမျိုးသားများနှင့် ပြည်သူလူထုတစ်ရပ်လုံး အကြမ်းဖက် အုပ်ချုပ်သူများ၏ မတရားစော်ကားမှုများ၊ သတ်ဖြတ်မှုများနှင့် ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့မှ လွတ်မြောက်ပြီး ရည်မှန်းချက် ပြီးမြောက်အောင်မြင်သည်အထိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြရန် KNU က တိုက်တွန်းထားသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။ Photo- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article