29 C
Yangon

ထားဝယ်ထောင်နှင့် သာယာဝတီ အကျဥ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁၃ ဦး အပြင်းအထန် နှိပ်စက်ခံနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်လျက်ရှိရာ ထားဝယ်ထောင်နှင့် သာယာဝတီ အကျဥ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၃ ဦး အပြင်းအထန် နှိပ်စက်ခံနေရကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ် အကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသား ၁၀ ဦးကို ထောင်ပိုင်အရာရှိနှင့် ဝန်ထမ်းများက ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း၊ နိုင်ငံရေး အကျဥ်းသား ၁၀ ဦးခန့်သည် ဇူလိုင် ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထောင်ပိတ်ချိန် အမှီ ရေချိုးရန်နောက်ကျသည်ဆိုကာ အကျဥ်းထောင်အရာရှိအမှတ် (၃) အိမ် အဆောင်မှူး အောင်ဇော်ထက် အပါအဝင် ထောင်ပိုင်အရာရှိများနှင့် ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရိုက်နှက်ခံရသော နိုင်ငံရေး အကျဥ်းသားများ ထဲတွင် ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသောအသက် ၂၀ ကျော် အရွယ် အမျိုးသား ၂ ဦး၊ ၅၀၅(က)၊၁၉(စ) ပုဒ်မများဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံနေရသော လူငယ် အမျိုးသား ၁ ဦး အပါအဝင် ၁၀ ဦးခန့်ကို ဝိုင်းဝန်း ရိုက်နှက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထားဝယ် အကျဥ်းထောင်အတွင်း ထောင်အရာရှိများနှင့် ဝန်ထမ်းများသည် နိုင်ငံရေး အကျဥ်းသားများအပါအဝင် တခြားပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသော အကျဥ်းသား၊ အချုပ်သားများကို လုပ်အားပေးခေါင်းစဥ်တပ်ကာ (အတင်းအဓမ္မ) အလုပ်စေခိုင်းမှုများ၊ငွေကြေးတောင်းခံမှုများ၊ ခွဲခြားဆက်ဆံမှုများ ၊ရိုင်းစိုင်းစွာဆဲဆို မှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ် ဘားအံအကျဥ်းထောင်မှ ပဲခူးတိုင်း သာယာဝတီ အကျဥ်းထောင်သို့ ပြောင်းရွှေ့လာသည့် အကျဥ်းသား ၃ ဦးကို အကျဥ်းထောင် ဝန်ထမ်းများက ပြင်းထန် ဒဏ်ရာများဖြင့် တိုက်ပိတ်ထား ကြောင်း သိရသည်။

ဘားအံ အကျဥ်းထောင်မှ ပြောင်းရွှေ့လာသော မောင်ရဲထွဋ်ခေါင်၊ မောင်ဇော်ဝင်းထွဋ်(ဘားအံတက္ကသိုလ်ကျောင်းသား) နှင့် မောင်ဗညားဝင်းကျော် (မန္တလေး) တို့ ၃ ဦးကို ဘားအံထောင်ပိုင် ဦးလှရွှေ၏ မှတ်ချက်ဖြင့် သာယာဝတီအကျဉ်းထောင် ဝန်ထမ်းများက ဘားအံအကျဉ်းထောင်မှ ပြောင်းရွှေ့လာသော နိုင်/ကျဉ်းများကို အကျဉ်းသား တစ်ဦး၏ ရပိုင်ခွင့်နှင့် လူ့အခွင့်အရေးကို လွန်လွန်ကျူးကျူး ချိုးဖောက်နှိပ်စက်လျက်ရှိကြောင်း သိရသည်။

ဘားအံအကျဉ်းထောင်တွင် အကျဉ်းဦးစီးဌာနဝန်ထမ်း သန့်သီဟသည် နိုင်ငံရေးအကျဥ်းသားများ ဆန္ဒပြ တောင်းဆိုမှု ဖြစ်စဉ်တွင် ဘားအံတက္ကသိုလ်ကျောင်းသား နိုင်ငံရေးအကျဥ်းသားများကို သေနတ်ဖြင့် ချိန်ရွယ်ခဲ့ကြောင်း၊ ယင်းဖြစ်စဥ် ဖြစ်ပွားပြီးနောက် အကျဉ်းဦးစီးဌာနမှ သန့်သီဟကို ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူလူထု၏ လူမူရေး ပြစ်ဒဏ် ခတ်ခြင်း ခံရလာဖွယ် အခြေအနေ၊ ဘားအံ အကျဉ်းဦးစီးဌာန၊ ဝန်ထမ်းအသီးသီးတို့အား ကရင်ပြည်နယ် ပြည်သူလူထုမှ ပစ်မှတ်ထား၊ ဖိအားပေးတိုက်ခိုက်လာမည့် အန္တရာယ်တစ်စုံတစ်ရာ လျော့ပါး ပြေပျောက်စေရန် ဘားအံထောင်ပိုင် ဦးလှရွှေက နယ်ခံ၊ မြို့ခံ နိုင်ငံရေး အကျဥ်းသားများကို သာယာဝတီအကျဥ်းထောင် သို့ လွှဲပြောင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဘားအံ အကျဥ်းထောင်အတွင်း ထောင်ပိုင် ဦးလှရွှေက ကျန်ရှိ နိုင်ငံရေး အကျဥ်းသားများအပေါ် ပြင်းပြင်း ထန်ထန် ကိုင်တွယ်ရန် အထက်က ညွှန်ကြားထား​သည်ဟု ပြောဆိုပြီး အကျဥ်းသား တစ်ဦးချင်းဆီ၏ လူအခွင့်အရေးများကို ပြင်းထန်လွန်ကဲစွာ ချိုးဖောက်လျက် ဆက်လက် ကျူးလွန်နေဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်သော သာယာ၀တီ အကျဉ်းထောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article