32 C
Yangon

” သူတို့ကို စစ်တပ် လို့တောင် မသုံးနှုန်းချင်ဘူး၊ စစ်မိစ္ဆာလို့ပဲ သုံနှုန်းချင်ပါတယ်။ သူတို့က လူမဟုတ်ဘူး၊ လူဆိုရင် အဲလောက် ထိ ရက်စက် ကြမ်းကြုတ်စရာအကြောင်းမရှိဘူး။ ဘာသာရေးအမြင်နဲ့ပြောမယ်ဆိုရင် သူတို့က နတ်ဆိုးပဲ။ အခု ဖြစ် နေတဲ့ တိုက်ပွဲတွေဟာ လူအချင်းချင်း ဖြစ်နေတဲ့ တိုက်ပွဲဆိုတာထက် ဘုရားနဲ့ နတ်ဆိုးကြားမှာ ဖြစ်နေတဲ့ တိုက်ပွဲ”

Must read

ကရင်နီ စစ်ရှောင်စခန်းများကို ကူညီနေသူ ကက်သလစ်ခရစ်ယန် သာသနာ ဘာသာရေးခေါင်းဆောင် ဒေါမနစ်ဝင်းကျော်ထွေးနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ခရစ်ယန်ဘာသာရေးဆရာ ဒေါမနစ်ဝင်းကျော်ထွေးသည် ကျိုင်းတုံမြို့မှ ကက်သလစ် ခရစ်ယန် ဘာသာရေးခေါင်း ဆောင်တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်က တိုင်းပြည်အာဏာသိမ်းပိုက်ပြီးနောက် ကျိုင်းတုံမြို့တွင် ပြည်သူများနှင့်ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့သူဖြစ်သည်။

ထို့နောက် စစ်ကောင်စီလက်အောက်ခံ စရဖများက သပိတ်စစ်ကြောင်းကို နောက်ယောင်ခံလိုက်ကာ လိုက်လံဖမ်းဆီးခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်သည်။ ဒေါမနစ်ဝင်းကျော်ထွေးကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ (ပုဒ်မ – ၂၅) အပါအဝင် အခြားပုဒ်မများတပ်ကာ ဝရမ်းထုတ်ထားသည်။ ရန်ကုန်ခေတ်သစ်က ဒေါမနစ်ဝင်းကျော်ထွေးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ ဖာသာရ်အကြောင်း မိတ်ဆက်ပေးပါဦး။

ဖြေ။ ။ ကျနော်တို့က ကက်သလစ်ခရစ်ယာန်တွေဖြစ်ပါတယ်၊ ကက်သလစ်ခရစ်ယာန်မှာ အကြီးဆုံးကတော့ ပုပ်ရဟန်းမင်းကြီးပေါ့နော်၊ ပုပ်ရဟန်းမင်းကြီးကနေတဆင့် နိုင်ငံအသီးသီးကနေ ကာဒီနယ်တွေ ရှိပါတယ်။ လေးနိုင်ငံပေါင်းမှ ကာဒီနယ် ၁ ပါး အဲလို ရှိပါတယ်။

မြန်မာနိုင်ငံမှာက ကာဒီနယ် ၁ ပါးရှိတယ်။ နောက်တဆင့်မှာကျတော့ ဆရာတော်တွေ ရှိပါတယ်။ ဆရာတော်တွေက နိုင်ငံတိုင်းမှာ ရှိတယ်၊ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် ၁၆ ပါး၊ ၁၇ ပါး လောက်ရှိတယ်။ ဆရာတော်တွေရဲ့အောက်မှာ နောက်တဆင့်အနေနဲ့ပေါ့ ဖာသာရ် တွေ ရှိတယ်၊ စစ္စတာတွေရှိတယ်၊ ပြီးတော့မှ ဓမ္မဆရာ၊ ဆရာမတွေရှိတယ်။ ကျနော်ကတော့ ကက်သလစ် ဖာသာရ် တပါး ဖြစ်ပါတယ်။ နာမည်ကတော့ ‌ဖာသာရ် ဒေါမနစ် ဝင်းကျော်ထွေး ဖြစ်ပါတယ်။

မေး။ ။ ကရင်နီပြည်နယ်မှာ ဖာသာရ်အနေနဲ့ ဘယ်လို တာဝန်ထမ်းဆောင်ပြီး သာသနာပြုလုပ်ငန်းတွေ လုပ်နေလဲ ရှင်းပြပေးပါ။

ဖြေ။ ။ တကယ်တမ်း ကျနော်က လွိုင်ကော် ကက်သလစ်သာသနာရဲ့ ရဟန်းတပါးတော့ မဟုတ်ဘူး၊ ကျနော့်ရဲ့ မိခင်သာသနာကြီးက ကျိုင်းတုံမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျနော်လည်း နေလို့မရဘူးပေါ့လေ၊။ အာဏာသိမ်းကတည်းက စစ်မိစ္ဆာတွေရဲ့ ပုဒ်မတွေနဲ့ စွဲဆိုခံထားရပြီးတော့ ပြေးနေရတဲ့ အနေအထားပါပဲ။

အခုလောလောဆယ်အနေနဲ့ ကရင်နီပြည်နယ်ကို ရောက်လာတာ ပြန်တွေးကြည့်ရင် ကိုယ့်ဟာကိုယ်လည်း အံ့ဩမိတယ်၊ ဘုရားရဲ့ အစီအစဉ်လို့ပဲ ပြောလို့ရပါတယ်။ ကျိုင်းတုံဘက်မှာကျတော့ စစ်ရှောင်တွေလည်း မရှိဘူး၊ လိုအပ်တဲ့နေရာကို သွားလိုက်ရတဲ့ သဘောမျိုးပေါ့နော်။

မေး။ ။ ကျိုင်းတုံမှာ ဖာသာရ်အနေနဲ့ ဒီတော်လှန်ရေးမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့လဲ။

ဖြေ။ ။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေစပြီးတော့ ကျနော်တို့က အွန်လိုင်းပေါ်ကနေ ဒါမတရားဘူးဆိုပြီးတော့ အော်ကြတယ်ပေါ့နော်၊ ဒါ တမင်တကာ ကျနော်တို့ရဲ့ အနာဂါတ်ကို ဖျက်ဆီးတာပဲ၊ လူငယ်တွေရဲ့ အနာဂါတ်ကို ထောင်ချလိုက်တာပါပဲ ဆိုပြီးတော့ အော်ကြတယ်။ ကျိုင်းတုံမှာ ၈ ရက်နေ့ ဆန္ဒစပြတယ်၊ တမြို့လုံးလိုလို ဆန္ဒပြကြတယ်။ ၉ ရက်နေ့မှာ သတိပေးစာလာတယ်ပေါ့။ သတိပေးစာက ကျိုင်းတုံမှာ ကျနော်တို့ရဲ့ အထက်က အကြီးအကဲရှိတာပေါ့နော်၊ စစ်ကောင်စီက သူတို့ဆီကနေတဆင့် ဆန္ဒမပြဖို့ သတိပေးလာတယ်။

၁၀ ရက်နေ့မှာလည်း ဖုန်းဆက်ပြီးတော့ တခါ သတိပေးတယ်။ ၁၁ ရက်နေ့မှာကျတော့ ကျနော်တို့က ရိုးရိုးဆန္ဒပြတာမဟုတ်ဘဲ စီတန်းလှည့်လည်ခြင်းနဲ့အတူ ဆုတောင်းမေတ္တာ ပို့တယ်၊ ငြိမ်းချမ်းပါစေ မြန်မာပြည်ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ Say NO to Military Coup အဲလို စာသားတွေနဲ့ လမ်းလျှောက်တဲ့အခါ အဲဒီမှာ ဦးဆောင်တဲ့သူ ဘယ်သူလဲဆိုပြီးတော့ စစ်ကောင်စီက ရှာတယ်၊ ဦးဆောင်သူက ကျနော် ဖြစ်တဲ့အခါကျတော့ အဲဒီ ၁၁ ရက်နေ့မှာပဲ ကျနော့်ရဲ့ နောက်မှာ လိုက်နေတယ်ဆိုတာ သိလိုက်ရတယ်။

သူတို့က သူတို့ ဝတ်စုံနဲ့ မလာဘူး၊ စရဖ တွေပေါ့နော်၊ ကိုယ်က ကြိုသိလိုက်တော့ ဒီ စီတန်းလှည့်တာ ပြီးတာနဲ့ ရှောင်လိုက်တယ်ပေါ့နော်။ မြို့ထဲမှာ ရှောင်လို့မရတော့ အခြားမြို့ကို ရှောင်တယ်၊ အဲဒီမှာပဲ သူတို့က သဘာဝဘေးအန္တရယ်နဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၂၅ ပေါ့နော် သူတို့ တပ်လိုက်တယ်။ နောက်ပိုင်း ပြန်ကြားရတာက ပုဒ်မ မျိုးစုံ တပ်ထားတယ်လို့ သိရတယ်။

အဲဒီမှာ မြန်မာပြည်ဘက်မှာ လုံးဝနေလို့မရတော့တဲ့ အနေအထားကို ရောက်လာတယ်။ ကျိုင်းတုံမှာက အစိမ်းတွေလည်း များတယ်လေ၊ အစိမ်းတွေဆိုတာက စစ်မိစ္ဆာတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတယ်၊ မကြိုက်ကြဘူးဆိုပေမယ့် မတော်လှန်ရဲဘူးပေါ့လေ၊ မတော်လှန်ရဲတဲ့သူ များလာတော့ ကိုယ်လည်း နေလို့အဆင်မပြေတော့ဘူးလေ။ အဲဒီတော့ ထိုင်းနိုင်ငံမှာ ပြေးလာရတယ်ပေါ့လေ။

မေး။ ။ အခုဆို ဖာသာရ်က ရှောင်ရင်း တိမ်းရင်းနဲ့ ကရင်နီဘက်ကို ရောက်လာတာပေါ့နော်၊ ကရင်နီမှာ စစ်ရှောင်ဦးရေက အချက်အလက်တွေအရ ၂၀၀,၀၀၀ ကျော်နေပြီ။ အခု ဖာသာရ်အနေနဲ့ ကရင်နီမှာ ရောက်လာတဲ့အခါကျတော့ စစ်ရှောင်တွေကို ဘယ်လိုပုံစံနဲ့ တွေ့ရလဲ၊ သူတို့ ဘာတွေလိုအပ်နေလဲ၊ ဖာသာရ်တို့ရော ကူညီထောက်ပံ့မှုတွေ ဘာများ လုပ်နေကြလဲ။

ဖြေ။ ။ ပထမဆုံးအနေနဲ့ ကျနော် ထိုင်းဘက်မှာ ရောက်နေချိန် ကျနော်က ဘာသာရေးခေါင်းဆောင်လည်းဖြစ်တဲ့အခါကျတော့ ရွာတွေမှာ ဆုတောင်းပေးရတယ်။ ဒီဘက်မှာရောက်နေတဲ့သူတွေကို ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ဒုက္ခရောက်နေတဲ့ အခက်အခဲတွေကို ပြောပြပေးတယ်၊ ပြောပြရင်း တတ်နိုင်သလောက်ကူညီပေးကြပါဆိုပြီးတော့ အလှူခံလိုက်တယ်။ ပြီးတော့ ပြန်လည်ဝေငှတယ်ပေါ့။

ဒီကို မရောက်ခင် ကျနော် ကရင်ပြည်နယ်ဘက်ကို ၄ ခါ ရောက်ပါတယ်။ ပစ္စည်းတွေစုတယ်၊ သွားလှူတယ်ပေါ့။ အဲဒီမှာ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်နဲ့အတူ ကျနော်တို့ လှုပ်ရှားတယ်။ ကရင်နီမှာ ကျနော်ရောက်တဲ့အခါမှာ နေရာတိုင်းကိုတော့ မရောက်နိုင်ခဲ့ဘူး၊ ၃ နေရာ ၄ နေရာ ပဲ ရောက်ခဲ့တယ်။ တကယ် အများကြီး လိုအပ်နေပါတယ်၊ သူတို့ တော်တော်ကို ဒုက္ခရောက်နေကြတာကို တွေ့ရပါတယ်။

မိုးရာသီဖြစ်တဲ့အခါကျတော့ ရေအခက်အခဲ မရှိဘူးပေါ့၊ အခြား စိုက်ပျိုးရေးတို့ စိုက်စားလို့ရတဲ့ အနေအထား ၁ ခုလည်း ရှိလာတယ်ပေါ့၊ တဖက်မှာလည်း မိုးကာတွေ လိုတာပေါ့နော်၊ လိုအပ်ချက်ကတော့ အများကြီးပေါ့နော်။ မိုးကာ၊ ခြင်ထောင်၊ ဆေးတို့ အဓိကကတော့ ဆန်၊ ဆီ၊ ဆားပေါ့နော်။ ဒါတွေကတော့ အဓိက လိုအပ်ချက် ဖြစ်မယ်။

အဝတ်အစားတွေလည်း လိုအပ်တာပေါ့နော်၊ ပထမဦးစားပေးတဲ့ အထဲမှာတော့ မပါသေးဘူးပေါ့။ ကျနော်တို့ သွား လှူပေးနိုင်တာက အနည်းအကျဉ်းလေးပဲပေါ့။ စစ်ရှောင် ၂၀၀,၀၀၀ ကျော်ဆိုတဲ့ ပမာဏကို ကျနော်တို့ လောက်ငှအောင် မလုပ်ပေးနိုင်ဘူးပေါ့နော်။ မပြောပလောက်တဲ့ ပမာဏလေးကိုပဲ ကူညီပေးနိုင်တာပါ။

မေး။ ။ ဒီ ဖရူဆို ဒေါညေးခူက ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က ဖောက်ခွဲဖြိုချ လိုက်တော့ ဖာသာရ်အနေနဲ့ ဘာများ ပြောချင်လဲ၊ စစ်တပ်က ဘယ်လောက်ထိ အဓမ္မလုပ်ရပ်တွေ လုပ်နေတယ်လို့ ဖာသာရ် သုံးသပ်လဲ။

ဖြေ။ ။ ကျနော်က သူတို့ကို စစ်တပ် လို့တောင် မသုံးနှုံးချင်ဘူး၊ စစ်မိစ္ဆာလို့ပဲ သုံးနှုံးချင်ပါတယ်။ သူတို့က လူမဟုတ်ဘူး၊ လူဆိုရင် အဲလောက်ထိ ရက်စက်ကြမ်းကြုတ်စရာအကြောင်းမရှိဘူး။ ဘာသာရေးအမြင်နဲ့ပြောမယ်ဆိုရင် ဒါက နတ်ဆိုးပဲ၊ အခု ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လူအချင်းချင်း ဖြစ်နေတဲ့ တိုက်ပွဲဆိုတာထက် ဘုရားနဲ့ နတ်ဆိုးကြားမှာ ဖြစ်နေတဲ့ တိုက်ပွဲတခုလို့ ကျနော် ရှုမြင်ပါတယ်။

ဆိုတော့ တရားမျှတမှုနဲ့ မတရားမှု၊ အမှန်တရားနဲ့ အမှား ကြားမှာ ဖြစ်နေတဲ့ တိုက်ပွဲပေါ့နော်။ စစ်မိစ္ဆာတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြလို့ရတဲ့ စကားလုံးမရှိတော့လောက်အောင် ရက်စက်လွန်းတယ်ပေါ့နော်။ ကရင်နီတနေရာတည်း မဟုတ်ဘူး၊ နေရာတိုင်းလိုလို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက နှိုင်းပြလို့မရဘူး။ လုံးဝကို ရှုတ်ချပါတယ်၊ တကယ်တော့ ဒီထက်ကို အများကြီး ပြောသင့်တယ်၊ လုပ်သင့်တယ်ပေါ့။

သူတို့ရဲ့ လုပ်ရပ်ဟာ စစ်ရှောင်တွေ ပြည်သူတွေကိုလည်း ဒုက္ခပေးတယ်၊ PDF တွေကိုပဲ မဟုတ်ဘဲနဲ့ ပြည်သူလူထုကိုပါ အကြောက်တရား ရိုက်သွင်းချင်တယ်ပေါ့။ ကမ္ဘာပေါ်မှာ ပြောနေကြတဲ့ လူ့အခွင့်အရေးတို့၊ ဂျီနိုဆိုက်တို့၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတို့ ဒါတွေအားလုံးကို စစ်တပ်က ကျူးလွန်နေတာပဲ။ ရာဇဝတ်မှု အကုန်လုံး ကျူးလွန်နေတာပဲ။ ဒါပေမယ့် စဉ်းစားကြည့်တဲ့အခါကျတော့ ဒီလောက်ထိ ဖြစ်နေတဲ့ဟာကို သိသာမြင်သာနေတဲ့ဟာကို ဘာဖြစ်လို့ UN တို့က လာမကူညီကြလဲပေါ့နော်။

အရင်တုန်းကတော့ R2P တို့ ဘာတို့ လာမလားဆိုပြီး အကြီးအကျယ် အားကိုးခဲ့တယ်ပေါ့နော်၊ နောက်ဆုံးတော့လည်း သူတို့ရဲ့ ကူညီမှုဟာ လေပေါ်မှာပဲ ကုန်သွားတယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ပွဲက နိုင်အောင်ကို ကျနော်တို့ တိုက်ရမယ့် တိုက်ပွဲပါပဲ။ ဒီနေရာမှာ ဘာသာရေးခေါင်းဆောင်တဦးအနေနဲ့ ဘယ်ဘက်ကနေ ပါဝင်နိုင်မလဲ ကြည့်လိုက်တဲ့အခါကျတော့ စစ်ရှောင်တွေကို ကူညီတဲ့အပိုင်းမှာ အများကြီး ပါဝင်ပေးနိုင်တယ်ပေါ့။

အဲဒီတော့ စစ်ရှောင်တွေဆီ သွားရင်းနဲ့ လိုအပ်တဲ့ မှတ်တမ်း မှတ်ရာတွေကိုလည်း ရအောင် ယူလာခဲ့တယ်ပေါ့။ လမ်းခရီးက လွယ်တော့မလွယ်ဘူး အခက်အခဲတွေက အများကြီး ရှိတာပေါ့။

မေး။ ။ အခု ဖာသာရ်အနေနဲ့ ကရင်နီမှာ စစ်ရှောင်တွေဆီ သွားကူတယ်ဆိုတော့ သွားလာတဲ့အခါမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိလဲ။

ဖြေ။ ။ စိန်ခေါ်မှုတွေက အများကြီး ရှိပါတယ်၊ ဂိတ်တွေကို ဖြတ်ရတယ်ပေါ့နော်၊ ဘုရားရဲ့ ကျေးဇူးတော်ကြောင့် အဆင်ပြေခဲ့တယ်။ ကရင်နီပြည်ထဲမှာ ရောက်တဲ့အခါကျ အပေါ်လမ်းကနေ သွားရင် စစ်တပ်ဂိတ်တွေ အများကြီးရှိတယ် မလွယ်ဘူးပေါ့။ ဂိတ် ၃၊ ၄ ခုလောက်ရှိတယ်၊ အရမ်းစစ်တဲ့ ၂ နေရာရှိတယ်။

ဒါကြောင့် တခြားလမ်းကနေ သွားရတယ်ပေါ့၊ တခြားလမ်းက အင်မတန်မှ ခရီးကြမ်းပါတယ်။ အဓိက ပစ္စည်းတွေ မသယ်နိုင်ခဲ့ဘူးဆိုတာ အဲဒါကြောင့်ပါ၊ ပစ္စည်းတွေက စစ်ရှောင်တွေဆီ မရောက်သေးဘူးပေါ့နော်၊ ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းတခု ရှာပြီးတော့ စစ်ရှောင်တွေဆီ ပို့မယ်လို့ စီစဉ်ထားပါတယ်။

အဲဒီ စစ်တပ်ဂိတ်တွေကို ပတ်ပြီးတော့ ကျော်ရတယ်၊ ကျနော်တို့ရဲ့ ပြည်သူ့ရဲဘော်တွေ ထိမ်းချုပ်တဲ့နေရာရောက်တော့ အဆင်ပြေတယ်ပေါ့နော်၊ မီးရှို့ဖျက်ဆီးခံရတဲ့ ဘုရားကျောင်းနေရာသွားတော့ မိုင်းထောင်ထားတာလည်း အများကြီး ရှိတယ်လေ။

အဲဒီမှာ ရဲဘော်တွေက လမ်းကြောင်း ရှင်းပေးတယ်ပေါ့နော်။ ကျနော်က သွားချင်တယ်လို့ အကူအညီတောင်းတော့ သူတို့လည်း အကူအညီပေးပါတယ်။ အပြန်ခရီးက စိန်ခေါ်မှုပိုများတယ်၊ လိုက်ပို့မယ့်သူမရှိတော့ဘူး။ အဲဒီမှာ ဂိတ်တချို့ဖြတ်ရတော့ စစ်တပ်က ဟိုမေး ဒီမေး မေးပါတယ်၊ ဒါပေမယ့် ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ရှောင်ထွက်နိုင်ခဲ့တယ်ပေါ့နော်။

မေး။ ။ ဖရူဆိုမြို့ မိုဆိုကျေးရွာနားမှာ ၂၀၂၁ ခုနှစ် ခရစ်စမတ်နေ့မှာ အကြမ်းဖက်စစ်တပ်က စစ်ရှောင်တွေကို ကားတွေပေါ်မှာ ကြိုးတုပ်ပြီး မီးရှို့သတ်တဲ့ အဖြစ်အပျက် ဖြစ်ခဲ့တယ်ပေါ့၊ ဖာသာရ် အဲဒီနေရာရောက်တော့ ကျန်ခဲ့တဲ့ ဆွေမျိုးမိတ်ဆွေတွေ၊ အခြားဒေသခံတွေက ဘာများပြောကြလဲ၊ ဘာများထပ်သိရလဲ။

ဖြေ။ ။ အဲဒီမှာ အသတ်ခံခဲ့ရတဲ့သူတွေက စစ်ရှောင်ပြည်သူတွေဖြစ်တယ်၊ တဖက်မှာ စစ်ဖြစ်နေတဲ့အတွက် ရှောင်ပြီးတော့ အနောက်လမ်းလို့ ပြောလို့ရတာပေါ့၊ အဲဒီလမ်းကနေ သွားရင်းနဲ့ ဒလန်ကြောင့် ဖြစ်သွားတယ်လို့ သိရတယ်။ အဲဒီ ဒလန်က စစ်မိစ္ဆာတွေကို PDF ကလေးတွေ သုံးနေတဲ့ လမ်းကြောင်းရှိတယ်၊ အဲဒီလမ်းကြောင်းကို ပိတ်ပေးပါဆိုပြီးတော့ ဒလန်က ပြလိုက်တယ်။

အဲဒါကို ပြည်သူတွေက သတိမထားမိလိုက်ဘူး၊ အမြဲတမ်း အဲဒီလမ်းကနေ သွားနေတဲ့အခါကျတော့ အားလုံးက ဒီလမ်းက လုံခြုံပါတယ်ဆိုပြီးတော့ သွားကြတယ်ပေါ့။ သွားရင်းနဲ့ စစ်ခွေးတွေက လမ်းပိတ်ရင်းနဲ့ ပြည်သူတွေကို ဖမ်းချုပ်ထားလိုက်တယ်၊ အဲဒီအနီးအနားမှာရှိတဲ့ တောင်ယာတွေ ဘာတွေ သွားတဲ့ ပြည်သူလူထုတွေကိုလည်း တခါတည်း ဖမ်းချုပ်ထားလိုက်တယ်။

ပြီးတော့ ကြိုးတွေချည် ဓါတ်ဆီတွေလောင်းပြီးတော့ မီးရှို့သတ်ခဲ့တယ်ပေါ့။ လူဦးရေက အခုချိန်ထိ ကျနော်တို့ သိတာကတော့ ၃၅ ယောက် ဝန်းကျင်ပေါ့နော်၊ တကယ်တမ်း ဒေသခံတွေ ပြောတာက အဲထက် မကဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အယောက် ၄၀ ကျော်တယ်တဲ့။ အခုထိ ပျောက်ဆုံးနေတဲ့သူတွေ၊ ပြန်မလာသေးတာ အများကြီး ကျန်သေးတယ်တဲ့။ ဆိုတော့ အယောက် ၄၀ ကျော်တယ်လို့ သိရတယ်။

မေး။ ။ ဖာသာရ်က မြေပြင်မှာ တကယ်သွားပြီး ကူညီပေးနေတဲ့သူဆိုတော့ ဒီဒေသက စစ်ရှောင်ပြည်သူတွေကို ဘယ်လို ကူညီထောက်ပံ့ပေးနိုင်မလဲဆိုတာ မြန်မာပြည်သူ ပြည်သားတွေကို ဘာများပြောချင်လဲ၊ အကြံပေးချင်လဲ။

ဖြေ။ ။ ကူညီပေးဖို့က ပိုက်ဆံကတော့ အဓိက ကျတာပေါ့နော်၊ ပစ္စည်းတွေ ပို့ဖို့က လမ်းကြောင်းက တော်တော့်ကို ခက်ခဲတယ်။ ကျနော်တို့လည်း ကျနော်တို့ သယ်သွားတဲ့ ပစ္စည်းကို သူတို့ရဲ့ လက်ထဲအရောက် မပို့နိုင်ခဲ့ဘူး၊ ပစ္စည်းတွေက အခုထိ တနေရာမှာ ရှိနေတုန်း။

ပိုက်ဆံကတော့ အရေးကြီးဆုံး ဖြစ်ပါတယ်၊ များများလှူပေးဖို့လည်း ဒီကနေ တိုက်တွန်းချင်ပါတယ်။ ပိုက်ဆံကပဲ အရေးကြီးလားဆိုတော့ ပြည်သူတွေရဲ့ အားပေးမှု၊ ဆုတောင်းမေတ္တာတွေပေါ့နော်၊ အခုဖြစ်နေတဲ့တိုက်ပွဲက ဘုရားနဲ့ နတ်ဆိုးကြားက ဖြစ်နေတဲ့ တိုက်ပွဲဖြစ်တယ်၊ ဒီ PDF တော်လှန်ရေးရဲဘော်တွေဟာ ဘုရားရဲ့ တပ်တွေဖြစ်တယ်ပေါ့နော်။

အဲဒီတပ်ကို ခွန်အားဖြစ်စေဖို့ရာ ပြည်သူလူထုတွေရဲ့ ဆုတောင်းမေတ္တာ ခွန်အား လိုပါတယ်။ အားပေးစကားတွေလည်း လိုသလို ထောက်ပံ့ပေးနိုင်ဖို့ ငွေ၊ ပစ္စည်းတွေလည်း လိုပါတယ်၊ နိုင်တဲ့ လမ်းကြောင်းကနေ ကူညီပေးကြပါလို့ ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article