ရန်ကုန်၊ ဇူလိုင် ၁၇
တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းရင်း ကျဆုံးခဲ့သော အာဇာနည်ကိုးဦး နှင့် နွေဦးတော်လှန်ရေးတွင်ကျဆုံးခဲ့သော အာဇာနည်များကို အာဇာနည်နေ့အကြို ယနေ့ ညနေပိုင်း ရန်ကုန်တွင် ချီတက်အလေးပြု ဆန္ဒပြကြသည်။
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာ နည် ၈ဦးတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိစေရေးအတွက် ကြိုးပမ်းစဥ်တွင် ကျဆုံးခဲ့ရကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့သမိုင်းတွင်လည်း ဒီမိုကရေစီ တိုက်ပွဲအတွင်းတွင်စတေးပေးဆပ်ခဲ့ကြရသော အာဇာနည်များမှာ များစွာရှိကြောင်း၊ ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်မှန်ခိုင်မာတည်တံ့သော ဖက်ဒရယ် ဒီမိုကရေစီရရှိစေရေးအတွက် အသက်ပေးဆပ်ခဲ့ရသော အာဇာနည်များစွာရှိကြောင်း သိရှိရသည်။
ယနေ့တွင် အာဇာနည်နေ့အောက်မေ့တမ်းတသောအထိမ်းအမှတ် အဖြစ် “အာဇာနည်မျိုး ကိုးဦးမကတော့ပြီ ” စာသားပါ စာတန်းအား ကိုင်စွဲလျှက် ခေတ်အဆက်ဆက် ကျဆုံးခဲ့သော အာဇာနည်တို့အား လွမ်းဆွတ်သူပန်းများဖြင့် ဂုဏ်ပြု ချီတက်အလေးပြု ၍ အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
ထိုလှုပ်ရှားမှုကို လူငယ်များသမဂ္ဂ-ဗဟို နှင့် တော်လှန်သွေးမကုန်တောင်ဒဂုံသပိတ်အင်အားစု တို့မှ ပူးပေါင်းဦးဆောင်၍ ရန်ကုန်စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစု (AJAY) ၊ Revolution Force (RF) ၊ Labour Alliance အဖွဲ့ဝင် CTUM အလုပ်သမားအဖွဲ့အစည်း ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊ LGBT Union Mandalay ၊ Youths Association of Thingangyun (YAT) ၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ ၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ စသည့် တော်လှန်ရေးညီနောင်တို့ဖြင့် ညီညွတ်စွာ ပါဝင်လှုပ်ရှားကြသည်။
Photo- Assistance Association for Myanmar-based Independent Journalists