ရန်ကုန်၊ ဇူလိုင် ၁၇
Kaung For You နှင့်ပတ်သက်၍ စစ်တပ်၏ ဖမ်းဆီးမှု အန္တရာယ်ရှိနေသော CDM ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူများကို လက်ခံကြိုဆိုမည်ဟု KNU ကရင်အမျိုးသားအစည်းအရုံးမှ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက တရားဝင် အသိပေးပြောဆိုလိုက်သည်။
CDM ဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်က ဖမ်းဆီးရန် ကြိုးစားနေသည့်အတွက် KNU အနေဖြင့် တိမ်းရှောင်လာသူများကို လက်ခံနိုင်၊ လက်မခံနိုင် ရန်ကုန်ခေတ်သစ်က မေးမြန်းရာ KNU ဗဟိုအလုပ်အမှု ဆောင် ပဒိုစောတောနီးက လက်ခံမည်ဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။
“မူဝါဒက အပြောင်းအလဲမရှိပါဘူး။ အရင်အတိုင်းပါပဲ။ ဒီအထိရောက်အောင် တိမ်းရှောင်လာဖို့လိုပါတယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောသည်။
KNU အနေဖြင့် CDM စစ်သားများ၊ ရဲများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်း သားကျောင်းသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် စစ်တပ်၏ ဖမ်းဆီးမှုမှ တိမ်းရှောင်နေရသော ပြည်သူများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှစတင်၍ လက်ခံသော မူဝါဒရှိပြီး လက်ရှိတွင်လည်း အဆိုပါ မူဝါဒအတိုင်း ဆက်လက် လက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။