ရန်ကုန်၊ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်း၊ခင်ဦးမြိုနယ်အနောက်မြှောက်ခြမ်း၊ သာဝတ္ထိကျေးရွာ၊ မုံလှရွာ၊ပင်စိမ်းခင်းရွာ အပါဝင် ပတ်ဝန်းကျင် အနီးတစ်ဝိုက် ကျေးရွာများကို စစ်တပ်က စစ်ရဟတ် ယာဉ်များဖြင့် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
“သူတို့က ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ ရေဦးကနေ မြေပြင်စစ်အင်အား၁၀၀ကျော်နဲ့ သာဝတ္ထိရွာတောင်ဘက်ကို ဝင်လာတယ်။ ညရောက်တော့ ရွာကဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲညအိပ်တယ်။ မနက်အစောပိုင်းကတော့ ရွာရဲ့မြောက်ဘက်ကို လက်နက်ကြီးတွေ ၁၀ လုံးထက် မနည်းပစ်ခတ်တယ်။ ဘာလို့ပစ်တာလဲဆိုတာတော့ မသိရဘူးဗျ။မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး ။ အဲလိုပစ်ပြီး ရဟတ်ယာဉ် ၃ စီးရောက်လာပြီး အခုလို ပစ်တော့တာပဲ ။ ပြေးသူကပြေး ပုန်းသူတွေကပုန်းပေါ့ဗျာ။ ပြေးလမ်းကလည်း မုံလှရွာဘက် ပြေးလမ်းတစ်လမ်းပဲရှိတာ။ အဲဒီပြေးနေတဲ့သူတွေကို လိုက်ပစ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဇူလိုင် ၁၄ ရက်နေ့တွင်လည်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း နများရွာကို စစ်တပ်က ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၁ ဦး ပွဲချင်း သေဆုံးခဲ့ရပြီး ၂ ဦးဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူ ၁ ဦးလည်း ထပ်မံ သေဆုံးသွားခဲ့ကြောင်း ၊ လက်ရှိတွင် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်လျက်ရှိသော သာဝတ္ထိရွာ၊မုံလှရွာ၊ပင်စိမ်းခင်းရွာမှ ဒေသခံများ၏ အခြေအနေကို မသိရှိရသေးဟု ဒေသခံများက ဆိုကြသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပြနေသော တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ။