ရန်ကုန်၊ ဇူလိုင် ၁၈
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံဗျောကျေးရွာတွင် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၄၀၀၀ စီ အတင်းအဓမ္မကောက်ခံ၍ ကားဝယ်စီးသော ပျူစောထီး ဆရာ၊ တပည့် ၂ ဦး ယမန်နေ့ညပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မနေ့ည ၇ နာရီက အဲဒီ ပျူစောထီး ဆရာ၊ တပည့် ကားနဲ့လာတုန်း အပစ်ခံရတယ်။ အဲဒါ ဆေးရုံရောက်ပြီး ည ၉ နာရီလောက်ကျတော့ ၂ ဦးစလုံးသေတယ်။ သေနတ်ခြောက်ချက်ထိတယ်။ ရွာမှာ ပြည်သူတွေဆီက တစ်အိမ်ထောင်ကို ငွေ ၄၀၀၀ ကောက်ပြီး ကားဝယ်စီးတဲ့ကောင်တွေ။ ပျူစောထီး တစ်ဦးရဲ့ နာမည်က ဇူဘိုင်။ သူတပည့်နာမည်ကတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညင်းမော်ရွာရှိ ပျူစောထီးနှင့် သွေးသောက် အဖွဲ့ဝင် ကျော်စိုးကို ဇူလိုင် ၁၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ၎င်းနေအိမ်၌ပင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
သေဆုံးသူ ပျူစောထီးနှင့် သွေးသောက် အဖွဲ့ဝင် ကျော်စိုးသည် လက်နက် ကိုင်ဆောင် ထားသူဖြစ်ပြီး အမည်မသိ သေနတ်သမားများနှင့် အပြန်အလည် ပစ်ခတ်မှုပါဖြစ်ပွားခဲ့ကာ ကျည်ကုန်သွားသောကြောင့် ဓားဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သော်လည်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။
ကျော်စိုးကို အကြမ်းဖက် စစ်တပ်က လက်နက် တပ်ဆင်ပေးထားပြီး ခါးကြားတွင် သေနတ်ထိုးကာ ကျေးရွာအတွင်းရှိ CDM ဝန်ထမ်းများ၊ ဆန္ဒပြ လူငယ်များကို သတင်းကို လိုက်လံစုံစမ်းပြီး စစ်တပ်က ဖမ်းဆီးရာတွင် လမ်းပြ လုပ်ဆောင်ပေးသူ ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDT ကမူ ကျော်စိုး ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့(LLPDF)နှင့် DDT တို့ပူးပေါင်း ရှင်းလင်းခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်အချိန် တွံတေးမြို့၊ ဗိုလ်မှူးစိန်လွင်လမ်း(ကမ်းနားလမ်း) မိုးနတ်မယ် သမ္ဗာန်ဆိပ်တွင် စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူ ဇော်ထွန်း(ခ)ပြောင်ကြီး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။