ရန်ကုန်၊ ဇူလိုင် ၁၉
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းမကြီး၊ ရွှေလင်ပန်းတံ တား အဆင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၁ နာရီအချိန်တွင် စစ်ဆေးရန် ရပ်ခိုင်းသော်လည်း မရပ်တန့်ဘဲ မောင်းနှင်သွားသော ဆိုင်ကယ်တစ်စီးကို စစ်တပ်က လိုက်လံပစ်ခတ်ရာ ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသူ ကိုဝေယံနှင့် ကိုတိုးကြီးတို့ ၂ ဦး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။
ယမန်နေ့ ည ၉ နာရီ အချိန် လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်စိုးထွန်းနှင့်ရာအိမ်မှူး ဖိုးထူးတို့ ပစ်သတ်ခံရပြီးနောက် စစ်တပ်က ညတွင်းချင်းပင် လှိုင်သာယာတစ်မြို့နယ်လုံးကို ပိတ်ဆို့စစ်ဆေးကြောင်း၊ ယင်းသို့စစ်ဆေးနေစဉ် ည ၁၁ နာရီအချိန် ကိုဝေယံ၊ ကိုတိုးကြီးနှင့်သူငယ်ချင်း ၁ ဦး စုစုပေါင်း ၃ ဦးသည် ဆိုင်ကယ် စီးပြီး လာစဉ် စစ်တပ်က စစ်ဆေးရန် ရပ်တန့်ခိုင်းကြောင်း၊သို့ရာတွင် ဆိုင်ကယ်ကို မရပ်တန့်ဘဲ မောင်းနှင့်သဖြင့် စစ်တပ်က ကားဖြင့် လိုက်လံပစ်ခတ်ရာ ကိုဝေယံသည် ဦးခေါင်းထိမှန်၍ ပွဲချင်းပြီး သေဆုံးကြောင်း၊ ကိုတိုးကြီးမှာ ဝမ်းဗိုက်ထိမှန်၁င ဆေးရုံတွင် သေဆုံးသွားကြောင်း၊ အခြားသူတစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။
“ဆိုင်ကယ်ကို ၃ ယောက်စီးလာတော့ စစ်ခွေးတွေ တားတဲ့အချိန် မရပ်ပေးရဲကြဘူး။ လှိုင်သာယာမှာ ဆိုင်ကယ်ကို လူ ၂ ဦးတောင်မစီးဖို့ ကန့်သတ်ထားတာလေ။ စစ်ခွေးတွေ တားတာ မရပ်ပေးလ်ု့ ပစ်သတ်တာ ၃ ယောက်မှာ ၁ယောက်ကလွတ်သွားတယ်။ ကိုဝေယံကတော့ ဦးခေါင်းကျည်ထိပြီး ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျပြီး နေရာမှာ ဆုံးသွားပါတယ်။ ကိုတိုးကြီးက တော့ ဗိုက်ကိုထိပြီး ဆိုင်ကယ်ပေါ်က ကျတယ်။ ဒီမနက်တော့ ပြန်ကြားရတာ ဆေးရုံမှာ ဆုံးတယ်။ ၁ ဦးကတော့ လွတ်ပါတယ်။ ကိုဝေယံအလောင်းကို တစ်ညလုံး ရွှေလင်ပန်း မီးသတ်စခန်းထဲမှာ ထားတာ ဒီမနက်တော့ ရေခဲတိုက်ပို့လိုက်ပြီ။ မိသားစုကို ပြန်ပေးတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ညပိုင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ၂ ဦးကို PDF ဟု စစ်လော်ဘီများက တယ်လီဂရမ် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်စွပ်စွဲမှုများရှိပြီး ယင်းစွပ်စွဲမှုများမှာ မှန်ကန်မှုမရှိဟု ကိုဝေယံ၏မိတ်ဆွေတစ်ဦးကပြောသည်။
“ကိုဝေယံက ဘိလိယက်ခုံဖွင့်ထားတယ်။ လူအေး။ အရမ်းကိုခင်ဖို့ကောင်းတဲ့သူ။ PDF လည်းမဟုတ်ပါဘူး။ မနေ့ညက သူတို့က ၁၂၇ ဘက်ကို သွားကြတာ။ ဆိုင်ကယ်တစ်စီး လူ ၃ ဦး။ ဖြစ်ချင်တော့ ၆ ရပ်ကွက်အုပ်ကြီးနဲ့ရာအိမ်းမှူး အသတ်ခံရတဲ့အချိန်နဲ့ သွားတိုက်ဆိုင်ပြီး စစ်ခွေးတွေ ရမ်းကားတာနဲ့သွားတိုးတာပါပဲ” ဟု ကိုဝေယံ၏ မိတ်ဆွေက ရှင်းပြသည်။