ရန်ကုန်၊ ဇူလိုင် ၂၁
ကရင် ပြည်နယ်၊ သံတောင်မြို့နယ်တွင် ဇူလိုင် ၁၅ ရက်နေ့မှ ဇူလိုင် ၁၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ် ပွားပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါ အဝင် အရာရှိ ၄ ဦး စုစုပေါင်း ၂၅ ဦးသေဆုံးသွားကြောင်း သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ NTDF ပြန်ကြားရေးတာဝန်ခံ ဦးမုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ သံတောင်မြို့နယ် မင်းလမ်းအုပ်စု မိအိကြီး ရွာသစ်ကုန်း စုစည်း ကျေးရွာများအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ၂ နာရီခန့်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် တစ် နေ့လုံး၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲ ၂ နာရီအထိ၊ ညနေ ၄ နာရီမှ ည ၇ နာရီအထိ ၊ ဇူလိုင် ၁၈ ရက်နေ့ ၁ နာရီဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။
၄ ရက်ဆက်တိုက် တိုက်ပွဲကြောင့် စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး ၊ တပ်ခွဲမှူး အရာရှိ ၄ ဦး အပါအဝင် အနည်းဆုံး ၂၅ ဦး ထက်မနည်း သေဆုံးပြီး စစ်သားအများအပြား ဒဏ်ရာရကြောင်း သိရှိရသည်။
“စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ တပ်ခွဲမှူး အရာရှိ ၄ ဦး အပါအဝင် အနည်းဆုံး ၂၅ ဦး ထက်မနည်းသေပါတယ်။ စစ်သားအများအပြား ဒဏ်ရာရတယ်။ အထိနာသွားတဲ့ စစ်ကြောင်းက ရွာများအတွင်းသို့ လက်နက်ကြီးတွေနဲ့ပစ်ပါတယ်။ ၁၆ ရက်နေ့ ၊ ၁၇ ရက်နေ့မှာ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ တစ်နေကုန်နီးပါး ပစ်ပါတယ်။ ရွာသစ်ကုန်းမှာ အိမ် ၈ လုံး၊ စုစည်းမှ ၄ လုံး မီးရှို့တယ်။ နွား ၂ ကောင် ကျွဲ ၂ ကောင် ပစ်သတ်သွားတယ်။ ဝက် ၅ ကောင် ပစ်သတ် စားသွား ယူသွားတယ်။ အနီးအနားမှ ကျေးရွာ ရွာလုံးကျွတ် စစ်ဘေးရှောင်ကြရတယ်။ ကျနော်တို့ဘက်မှ အထိအခိုက်မရှိဘူး” ဟု ဦးမုတ်ဆိတ်က ပြောသည်။
သံတောင်မြို့နယ်တွင် ၄ ရက် ဆက်တိုက် တိုက်ပွဲတွင် သံတောင်မြောက် ( အထူးဒေသ) အဖွဲ့ တစ်ခုတည်းကသာ တိုက် ပွဲဝင်ခြင်းဖြစ်ပြီး နေပြည်တော် PDF အပါအဝင် အခြားမည်သည့်အဖွဲ့အစည်းများနှင့် စစ်ဆင်ရေး လုံးဝ ပူးပေါင်းဆောင်ရွက် ခြင်း မရှိကြောင်း ဦးမုတ်ဆိတ်ကပြောသည်။
“ကျွန်တော်တို့ လုပ်တဲ့ Mission တွေကို ကျည် တစ်တောင့် မပံ့ပိုးပဲ Page အမျိုး မျိုးကနေ သတင်းတင် အလှူခံစားနေကြတာတွေရှိနေတယ်။ ပိုဆိုးတာက စစ်ရေးအရ မတင်သင့်သေးလို့ မတင်တဲ့ သတင်းတွေကို ဦးအောင်တင်နေတော့ မလိုလားအပ်တဲ့ မြေပြင်ဆိုးကျိုးတွေ ကြုံနေရတယ်” ဟု ဦးမုတ်ဆိတ်က ပြောသည်။
![](https://yktnews.com/wp-content/uploads/2022/07/1-280.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/2-153-688x1024.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/3-129-514x1024.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/4-112-514x1024.jpeg)