ရန်ကုန်၊ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းတွင် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်း နှင့် PDF – အနောက်ပိုင်းတိုင်းတို့ ဇူလိုင်လ ၂၀ ရက်တွင် တိုက်ပွဲ ဖြစ်ပွားမှု နှင့် ဇူလိုင်လ ၂၁ ရက်နေ့တွင် PDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး ထက်မနည်း သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် – အနောက်ပိုင်းတိုင်းက သတင်းထုတ်ပြန် သည်။
မင်းဘူးခရိုင် ၊ ပုသိမ်-မုံရွာ လမ်းမကြီးအနောက်ဘက်ခြမ်း နှမတောင် တောင်ကြောအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း၏ စခန်းငယ်တစ်ခုကို အကြမ်းဖက် စစ်ကောင်စီမှ ဇူလိုင်လ ၂၀ ရက် နံနက် ၄ နာရီခန့်တွင် အင်အား ၄၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းဝင်ရောက်ခဲ့ပြီး အနောက်ပိုင်းတိုင်း တပ်စခန်း၏ လုံခြုံရေး ပွိုင့် (၁) နှင့် ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်တွေ့ကြောင်း၊ အပြန်အလှန်ပစ်ခက်မှုများဖြစ်ပွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ ရဲဘော်တစ်ဦး လက်မောင်းရှပ်ထိ(မစိုးရိမ်) ဒဏ်ရာ ရရှိခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးထက် ထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်းက သတင်းထုတ်ပြန်သည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းသည် တိုက်ပွဲအပြီး နီးစပ်ရာ ကျေးရွာများသို့ ဝင်ရောက် မွှေနှောက်မှုကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။
ဇူလိုင် ၂၁ ရက်နေ့တွင်မူ မင်းဘူးခရိုင်၊စလင်းမြို့နယ် ငလှိုင်တွင်းမှော်အနီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က ပဒေသာ(၄) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်မှ ၃၀ထက်မနည်း ထိခိုက်သေကြောင်းဆုံးနိုင်ပြီး အထိနာ၍ ပြန်လည်ဆုတ်ခွာသွားကြောင်း PDF – အနောက်ပိုင်းတိုင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။