ရန်ကုန်၊ ဇူလိုင် ၂၂
ရန်ကုန်မြို့လယ်ခေါင်၊ ကုန်သည်လမ်းပေါ်၊ ၃၉ လမ်းထိပ်ရှိ ကျောက်တံတားနှင့်ပန်းဘဲတန်းမြို့နယ်လျှပ်စစ်ရုံးကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။
“ကုန်သည်လမ်းမပေါ်….၃၉လမ်းထိပ်က EPC ရုံးဗုံးပေါက်တယ်…ကုန်သည်လမ်းကိုတော့ ဗိုလ်အောင်ကျော်လမ်းထိပ်ကနေ ပိတ်လိုက်ပါပြီ။ လူနာ တင်ကားတွေရော၊ စစ်ကားတွေရော လည်းရောက်နေတယ်။” ဟုဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ပြပျောက်ကြားတော်လှန်ရေးအဖွဲ့ဖြစ်သော Toxic Boy အဖွဲ့ကမူ လျှပ်စစ်ရုံး ၂ ခုလုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံ အတည်ပြုပြောဆိုသည်။
“၃၉ လမ်းထိပ်မှာရှိတဲ့ လျှပ်စစ်ရုံးဂိတ်နှစ်ခုလုံးကို ကျနော်တို့ လက်ပစ်ဗုံးနဲ့ ဝင်ထုခဲ့ပါတယ်။ Toxic boy အဖွဲ့ကပါ။ ကုန်သည်လမ်းပေါ်မှာရှိတဲ့ရုံးတွေပါ” ဟု Toxic Boy အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်တပ်က ကုန်သည်လမ်းကို ဗိုလ်အောင်ကျော်လမ်းမှ စတင်ပိတ်ထားပြီး ၃၈ လမ်း၊ ၃၉ လမ်းနှင့် ဆိပ်ကမ်းသာလမ်းများကို ပိတ်ဆို့ ရှာဖွေစစ် ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကုန်သည်လမ်းပေါ်ရှိ ကျောက်တံတားနှင့်ပန်းဘဲတန်းလျှပ်စစ်ရုံး။