ရန်ကုန်၊ ဇူလိုင် ၂၂
အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်း၍ ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်နေသော ထိုင်း PTTEP ရေနံကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲတွင် ယနေ့ ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ ကျော်အချိန် မရမ်းကုန်းမြို့နယ်၊ ဆည်မြောင်းရိပ်သာလမ်း၊ အမှတ် ၂ ရှိ ထိုင်း PTTEP ပထမထပ် ကားပါကင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း၊ လက်ရှိတွင် စစ်တပ်နှင့်ရဲက မည်သည့်ကားကိုမှ ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။
“ဒီနေ့၈မိုင် PTTEP ဆည်မြောင်းလမ်း ရုံး ပထမ ကားပါကင်မှာ ဒီမနက် ၁၀ နာရီ ၃၀ မိနစ်အကျော် ဗုံးပေါက်ပါတယ်။လူမထိဘူး။ အခုစစ်သားနဲ့ ရဲတွေစစ်တွေစစ်ဆေးနေတယ်။ ကားတွေ ပေးမထွက်တော့ဘူး။ အကုန်ပိတ်ဆို့စစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုင်း PTTEP ရေနံကုမ္ပဏီသည် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းထွက်ခွာသွားသော ပြင်သစ် Total ကုမ္ပဏီ၏ ရှယ်ယာများနှင့် ဝန်ထမ်းများ အားလုံး ဝယ်ယူ လွှဲပြောင်းရယူပြီး စစ်ကောင်စီနှင့် စီးပွားရေးလုပ်ကိုင် နေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့လယ်တွင်လည်း ယနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် ကျောက်တံတားနှင့်ပန်းဘဲတန်း လျှပ်စစ်ရုံးနှစ်ခု ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်တွင် ပေါက်ကွဲမှုများ ထပ်မံကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဗုံးတွေ့လို့ပဲ ခွဲလိုက်တာလား။ ဒီအတိုင်း ဗုံးပေါက်တာလားမသိဘူး။ ၁ နာရီ ၈ မိနစ်လောက်မှာ ဗုံးပေါက်သံ အကျယ်ကြီးကြားရတယ်။ မြို့ထဲမှာတော့ စစ်တပ်တွေ ရဲတွေ အတော်ကို ရှုပ်နေတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။