22 C
Yangon

စစ်ကောင်စီက ကုမ္ပဏီများ၏ နိုင်ငံခြားငွေ မှန်သမျှ ကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် သိမ်းယူပြီးနောက် သွင်းကုန်တင်သွင်းသူများကို ဒေါ်လာ မရောင်းပေးတော့ဘဲ ပြင်ပ ဒေါ်လာများ မိမိအစီအစဉ်ဖြင့် ဝယ်ယူ ကုန်တင်သွင်းခိုင်း၊ ဒေါ်လာစျေး အမြင့်ဆုံးတက်မည်ဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံအတွင်းရှိ ပြည်ပကုမ္ပဏီများ၏ နိုင်ငံခြားငွေများကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် အတင်းအကျပ် လဲလှယ် သိမ်းယူပြီးနောက် သွင်းကုန်တင်သွင်းသူများကို စစ်တပ်ကဒေါ်လာ ပြန် မရောင်းပေးတော့ဘဲ ပြင်ပ ဒေါ်လာများ မိမိအစီအစဉ်ဖြင့် ဝယ်ယူခိုင်းပြီး သွင်းကုန်တင်သွင်းကြရန် တရားဝင် ကြေညာချက် ထုတ်ပြန် အသိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆေးနှင့်ဆေးဝါးပစ္စည်းများကို တင်သွင်းလိုပါက မိမိအစီအစဉ်ဖြင့် တစ်ဖက်ကုန် ရောင်းသူထံသို့ ငွေပေးချေဆောင်ရွက်မည်ဆိုလျှင် သွင်းကုန်လိုင်စင်ထုတ် ယူနိုင်ကြောင်း ယနေ့ တရားဝင် ကြေညာသည်။

” ကျနော်တို့က ကိုယ်သွင်းချင်တဲ့ သွင်းကုန်အတွက် ဒေါ်လာကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ ဗဟိုဘဏ်က နေ ပြန်ဝယ်ဖို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို တင်ပြရတယ်။ အဲဒီက ခွင့်ပြုရင် တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ ဒေါ်လာဝယ်ပြီး သွင်းကုန်သွင်းရတယ်။ အဲဒါကလည်း အရမ်းကြာတယ်။ ဒေါ်လာကလည်း လိုသလောက် မပေးဘူး။ သူတို့က အပြင်ဒေါ်လာလည်း ဝယ်ခွင့်မပေးဘူး။ အခုကတော့ မင်းတို့ အပြင်က ဒေါ်လာ ဝယ်ပြီး သွင်းချင်ရင် သွင်းဆိုပြီး စလုပ်တာ။ အပြင်မှာက အခု ၂၄၀၀ နဲ့ ၂၅၀၀ အကြား အမေရိကန်တစ်ဒေါ်လာကို ပေါက်နေတာ။ စစ်တပ်က ဒေါ်လာ အကုန်သိမ်းပြီး ကျနော်တို့ကို အပြင်က ဒေါ်လာပြန်ဝယ်ခိုင်းတာဆိုတော့ ဒေါ်လာ အရမ်းလိုအပ်ချက်ကြီးမယ်” ဟု UMFCCI မှ စီးပွးရေးသမားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဆေးနှင့်ဆေးဝါးပစ္စည်း တင်သွင်းသူများအနေဖြင့် ပြင်ပ ဒေါ်လာဝယ်ယူ၍ ဆေးဝါး တင်သွင်းရန် မလွယ်ကူကြောင်း၊ စစ်တပ်က သွင်းကုန်များ၏ စျေးနှုန်းများကို တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့် စျေးနှုန်းများ သတ်မှတ်ထိန်းချုပ်နေကြောင်း၊ တင်သွင်းလာသည့် သွင်းကုန်များကိုလည်း သတ်မှတ်စျေး ၁၈၅၀ ဖြင့် တန်ဖိုး ဖြတ် စျေးနှုန်း သတ်မှတ်နေသည့်အတွက် အလွန် အရှုံးပေါ်မည်ဖြစ်၍ ဆေးဝါး တင်သွင်းမှုများ ခေတ္တရပ်ဆိုင်းသွားဖွယ်ရှိသည်ဟု ဆိုသည်။

“ဗဟိုဘဏ်ဘက်က ဒေါ်လာ ရောင်းမပေးတော့ဘူး။ သူတို့ကို စောင့်ရင် ကြာမယ်။ ကိုယ့်ဟာကိုယ် ဒေါ်လာ သွင်းပြီး ဝယ်ခိုင်းတာ။ ဒါပေမယ့် သွင်းလာတဲ့ သွင်းကုန်တွေကိုကျတော့ တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ တန်ဖိုး ဖြတ်ပြီး စျေးနှုန်းသတ်မှတ်နေတာလေ။ ထိန်းချုပ်နေတာ။ စက်သုံးဆီတွေလည်း အဲဒီလိုပဲ။ အဲဒီလို မထိန်းချုပ်ပါဘူးဆိုတဲ့ အာမခံ ချက်မရှိဘဲ ကျနော်တို့ မသွင်းရဲဘူး” ဟု စီးပွား ရေးသမားတစ်ဦးက ဆိုသည်။

ယနေ့ငွေလဲစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၂၄၀၀ ကျပ်အထိစျေးပေါက်ပြီး ဒေါ်လာဝယ်ရောင်းများကို စသုံးလုံးနှင့်စရဖ စစ်တပ်က လိုက်လံဖမ်းဆီးလျက်ရှိကြောင်း၊ ရွှေကုန်သည်နှင့်ဒေါ်လာဝယ်ရောင်းတချို့ ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article