ရန်ကုန်၊ ဇူလိုင် ၂၄
ကမ္ဘာ့တစ်ဝန်းတွင် ကူးစက်ပြန့်ပွားမှု များပြားလာနေသည့် မျောက်ကျောက်(Monkeypox) ရောဂါ၏ အခြေအနေကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြေညာသည်။
လက်ရှိတွင် မျောက်ကျော်ရောဂါသည် နိုင်ငံဖြတ်ကျော် ကူးစက်မှု အခြေအနေများပြားလာခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံများက စနစ်တကျ တုံ့ပြန် ကိုင်တွယ်ရန် လိုအပ်နေသည့်အတွက် အရေးပေါ် အဖြစ် ကြေညာခြင်းဖြစ်ကြောင်း၊ ယင်းရောဂါကူးစက်မှုများပြားလာခြင်းသည် ပြင်းထန်ပြီး ရုတ်တရက် ကူးစက်မှု မြင့်တက်လာကြောင်း၊ ပုံမှန်မဟုတ်(သို့မဟုတ်) မမျှော်လင့်ထားသော အခြေအနေဖြစ်ကာ ပြည်သူ့ကျန်းမာရေးအတွက် နိုင်ငံတကာ အစိုးရအနေဖြင့် ကိုင်တွယ်ရန် လိုအပ်သည်ဟု WHO က ဆိုသည်။
“အတိုချုပ်ပြောရင် မျောက်ကျောက်ရောဂါ မြန်မြန်ဆန်ဆန်ကြီးကို ကမ္ဘာ့မှာ ကူးစက်နေပြီး ကူးစက်မှု ပုံစံသစ်တွေနဲ့ကူးစက်နေပါတယ်။ လတ်တလော ဒီကူးစက်မှုကို ကျနော်တို့ နားလည်မှု နည်းနေသေးပါသေးတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အဖြစ် ကြေညာတာဖြစ်ပါတယ်”ဟု WHO ညွှန်ကြား ရေးမှူးချုပ် Dr Tedros Adhanom Ghebreyesus က ပြောသည်။
လက်ရှိ တစ်ကမ္ဘာလုံးတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု စုစုပေါင်း ၁၆၀၁၆ ခုရှိပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း ရောဂါကူးစက်မှု ၄၁၃၂ ခုရှိခဲ့ကြောင်း ၊ နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် ကူးစက်လျက်ရှိပြီး ၅ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
Monkeypox သည် မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး အဆိုပါဗိုင်းရပ်စ် တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သည် ဇီနိုဗစ်ရောဂါပိုးတစ်မျိုး ဖြစ်ကာ လူမှ လူသို့လည်း ကူးစက်နိုင်သော ဗိုင်းရပ်စ်ပိုးဖြစ်သည်။