24 C
Yangon

မြိုင်၊ ဓမ္မသာရရွာကို စစ်တပ်က မီးတင်ရှို့သဖြင့် ရွာလုံးကျွတ် ထွက်ပြေးနေရ၊ တန့်ဆည်ရှိ ရွာ ၂ ရွာကိုလည်း စစ်တပ်က ဝင်စီးပြီး ပြည်သူ ၁၃ ဦးကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

မကွေးတိုင်း မြိုင်မြို့နယ် ဓမ္မသာရကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဓမ္မသာရ ကျေးရွာကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်က ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီးနောက် ယနေ့ နံနက် ပိုင်းတွင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” ဓမ္မသာရရွာကို စစ်တပ်က မနေ့က ညနေ ၄ နာရီ မှာ စစ်ကြောင်း ထိုးလာပြီး ရွာထဲမှာ တပ်စွဲနေထိုင်ခဲ့တယ်။ ဒီနေ့ နံနက်ပိုင်းရောက်တော့ ရွာကို မီးရှို့နေတယ်။ ပြည်သူပိုင် နေအိမ် ၇ လုံးလောက် မီးထဲပါ သွားပြီလို့ သိရတယ်။ အတိအကျတော့ အတည် မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်းရှိ ငတန်းရွာနှင့် ရွှေလှံရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ငတန်းရွာသား ပြည်သူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” တန့်ဆည် မြို့နယ်ထဲက ငတန်းရွာနဲ့ ရွှေလှံရွာကို စစ်ခွေးတွေ ဒီနေ့ နံနက် ဝင်မွှေနေတယ်။ အခု နောက်ဆုံးရတဲ့ သတင်းအရ ငတန်း ရွာသား ပြည်သူ ၁၃ ဦး အဖမ်းခံထားရတယ်။ ရွာထဲက အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – ဇူလိုင်လ ၂၃ ရက်နေ့က ဓမ္မသာရရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းစဥ် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article