ရန်ကုန်၊ ဇူလိုင် ၂၆
မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်တပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ကွပ်မျက်မှု ယုတ်မာရိုင်းစိုင်း ရက်စက် သူရဲဘောကြောင် သော လုပ်ရပ်ဖြစ်ကြောင်း အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး မှတ်ချက်ပြုပြောဆိုလိုက်သည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ယုတ်မာရိုင်းစိုင်း၊ ရက်စက်စွာ ကွပ်မျက်မှုသတင်း ကြောင့် ထိတ်လန့် ၊စက်ဆုပ်ရွံ့ရှာမိပါတယ်။ အဆိုပါကွပ်မျက်မှုဟာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ လွတ်လပ်မှုတွေ၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို ရရှိဖို့ မြန်မာပြည်သူလူထုဟာ ရဲစွမ်းသတ္တိရှိရှိ နဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်ပြီးကြိုးစားတွန်းလှန်နေမှုတွေကို ရင်ဆိုင်နေရချိန်မှာ အဆိုပါလုပ်ရပ်က စစ်အာဏာရှင်ရဲ့ သွေးပျက်နေမှုအခြေအနေကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်တယ်”ဟု အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး Amanda Milling က ပြောဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်သည်။
မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်ပြစ်ပေးစီရင်ပြီးဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။