35 C
Yangon

အမေရိကန်တစ်ဒေါ်လာ ၂၆၀၀ ကျပ်အထိစျေးတက်ပြီး ရွှေစျေး အခေါက်ရွှေတစ်ကျပ်သား ၂၃ သိန်းခွဲအထိ စျေးထိုးတက်၊ ရွှေနှင့်ဒေါ်လာ ရောင်းသူမရှိဘဲ ဝယ်လိုသူသာရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

ပြည်တွင်းငွေလဲစျေးကွက်တွင် ယနေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၆၀၀ ကျပ်အထိ စျေးထိုးတက်သွားပြီး ရွှေစျေးမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၃ သိန်းခွဲအထိ စျေးတက်သွားကြောင်း ပြည်တွင်းရွှေကုန်သည်တချို့နှင့်ဒေါ်လာဝယ်ရောင်း တချို့ထံမှ သိရှိရသည်။

လက်ရှိ ဒေါ်လာစျေးထိုးတက်နေမှုသည် နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်တပ်၏ စျေးကွက်ကို ခြယ်လှယ်မှုများကြောင့် အဓိက ဖြစ်ကြောင်း၊ ယနေ့ ဒေါ်လာစျေးနှုန်းသည် မနက်ပိုင်းတွင် တစ်ဒေါ်လာ ၂၄၅၀ ကျပ်ဖြင့်စျေးဖွင့်ခဲ့ရာမှ ညနေပိုင်းတွင် တစ်ဒေါ်လာ ၂၆၀၀ ကျပ်အထိ ထိုးတက်လာခြင်းဖြစ်သည်ဟု သိရှိရသည်။

“တချို့မြန်မာငွေ မကိုင်ချင်တော့တဲ့သူတွေက ဒေါ်လာကို ကြိုက်စျေးပေးပြီး ဝယ်တယ်။ စျေးကွက်မှာက တစ်ဒေါ်လာကို ၂၅၅၀ နဲ့ ၂၆၀၀ အကြားမှာ အရောင်းအဝယ်ရှိတယ်။ လေယာဉ်လက်မှတ်ဝယ်ဖို့တောင် ဒေါ်လာက ဝယ်မရတော့ဘူး။ အဲဒီလိုဖြစ်နေတယ်။ အခြေအနေက အတော်ဆိုးဆိုးပဲ။ ဒေါ်လာကို ဘယ်သူကမှ မရောင်းဘူး။ ကျစ်ကျစ်ပါအောင် ဆုပ်ထားကြတယ်” ဟု ဒေါ်လာဝယ်ရောင်းတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း ရွှေစျေးနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် ၂၅၆၀ ကျပ်ဖြင့်စျေးဖြတ်ပြီး ရွှေတစ်ကျပ်သားလျှင် ၂၃သိန်းခွဲကျပ် ရှိကြောင်း ရွှေစျေးကွက်အတွင်းမှ သိရှိရသည်။

“ရွှေအသင်းက သတ်မှတ်တဲ့စျေးက စစ်တပ်စျေးပဲ။ အဲဒီစျေးက ဘယ်သူမှ အရောင်းအဝယ်မလုပ်ဘူး။ အဲဒီစျေးနဲ့ ရရင် ကျနော်တို့တောင် ဝယ်ချင်တယ်။ အပြင်မှာ ၂၃သိန်းခွဲဝန်းကျင်ပတ်ချာလည်ပဲ။ ရောင်းသူ ဝယ်သူ အသံတူရင် ဝယ်လို့ရတယ်။ ရွှေအသင်း သတ်မှတ်စျေးကတော့ ၂၀၆၀၀၀၀က မတက်ဘူး။ ကျလည်းမကျဘူး။ အဲဒါကတော့ အယောင်ပြပဲ။ အခုရွှေလိုချင်လို့ ဝယ်ရင် မီးလင်းရွှေ (အခေါက်ရွှေ) အတုံးအခဲကတော့ ရှာလို့ကို မရဘူး” ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။

လာမည့်ရက်များအတွက် အမေရိကန်ဒေါ်လာနှင့်ရွှေစျေးနှုန်းများ ဆက်လက်မြင့်တက်မည်ဖြစ်ပြီး လက်ရှိ စျေးကွက် အခြေအနေမှာ ကသောင်းကနင်းဖြစ်နေသည်ဟု စျေးကွက်ကျွမ်းကျင်သူများကဆိုကြသည်။

ဓာတ်ပုံ- တစ်နေ့တစ်ခြား တန်ဖိုးထိုးကျနေသော မြန်မာကျပ်ငွေများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article