ရန်ကုန်၊ ဇူလိုင် ၂၈
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ဗိုလ် ၁ ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း Black Dragon Commando က သတင်းထုတ်ပြန်သည်။
ဖျာပုံမြို့နယ်၊ ဖျာပုံ-ကျိုက်လတ်အဝေးပြေးလမ်းမ၊ ချောင်းတွင်းတံတားအနီးရှိ စစ်ကောင်စီဂိတ်ကို ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၉ နာရီ ၅၈ မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိ ရဲ ၁ ဦးဒဏ်ရာရကြောင်း၊ နံနက် ၁၁ နာရီ ၂၈ မိနစ်တွင် ဖျာပုံမြို့၊ ဒုတိယလမ်းမကြီးပေါ်ရျိ အထွေထွေအုပ်ချုပ်ရေး ရွှေရတုရိပ်သာအနီးတွင် အင်အားပြင်း ဆိုင်ကယ်မိုင်း ဖောက်ခွဲခဲ့ကြောင်း၊ အခင်းဖြစ်ရာမှာ စစ်ဆေးပြီး ပြန်လာသော ရဲကား ၁ စီးကို ဖောက်ခွဲကာ ရဲကား နောက်ပိုင်း ထိမှန်ပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ မောင်းမသာယာကုန်းတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၅ နာရီ ၅၅ မိနစ်မှ စတင်ကာ ၂ နာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအဆုံးများပြီး သေဆုံး ဒဏ်ရာရ စစ်သားများကို စစ်ကားများဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။
တိုက်ပွဲအတွင်း၌ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ – KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)