38 C
Yangon

မောင်တောမြောက်ပိုင်းတွင် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်ပွား၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်

Must read

ရန်ကုန်၊ သြဂုတ်၊ ၁၆ ရက်

မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပေါ်တွင် ယနေ့ ဩဂုတ် ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်ကစတင်ကာ နေ့လယ်အချိန်ထိ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသည့် မီးတိုက်ကျေးရွာသားတစ်ဦးက ပြောသည်။

“မီးတိုက်ရွာအနားက မိုင်တိုင် ၃၈ နားမှာ ဖြစ်တာပါ။ လက်နက်ကြီးသံတွေရော၊ လက်နက်သံတွေရော ကြားနေရတယ်။ အထိအခိုက်အခြေအနေကိုတော့ မသိဘူး”ဟုပြောသည်။

၄င်းတိုက်ပွဲဖြစ်ပွားရာ နေရာသို့ တောင်ပြိုယာနယ်ခြားစောင့် စခန်းမှ လက်နက်ကြီးများ ယနေ့ည ၄နာရီအထိ အကြာခဏ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်းသင်္ဘောလှကျေးရွာသားတစ်ဦးက ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွါးမှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ဖက် က တစ်စုံတစ်ရာ ထုတ်ပြန်သေးခြင်းမရှိသလို စစ်ကောင်စီဖက်ကလည်း ထုတ်ပြန်သေးခြင်းမရှိသေးပေ။ နောက်ထပ် မြဝတီ​ကျေးရွာသားတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရဟတ်ယာဉ်နှစ်စီး ပျံသန်းသွားသည်ကို မြင်ခဲ့ရသည်ဟု ပြောသည်။

“ကျနော်တို့ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမဲ့ လက်နက်ကြီးပစ်သံတွေကိုကြားရတယ်။ရဟတ်ယာဉ်နှစ်စီးလည်း အဲဒီဖက်ကို ပျံသွားတာကို မြင်လိုက်တယ်။ ရဟတ်ယာဉ်နဲ့ ပစ်လား၊ မပစ်ဘူးလားဆိုတာကိုလည်း ကျနော်တို့ မသိဘူး”ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မောင်တောမြို့နယ်မြောက်ပိုင်းနှင့် အငူမော်ကားလမ်းတို့ကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ဆို့ထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်နှင့်ပလက်ဝေ ဒေသတို့တွင် ဖြစ်ပွါးခဲ့သော ရက္ခိုင့်တပ်တော် AA နှင့်တိုက်ပွဲတွင် သေဆုံးသော စစ်ကောင်စစ်သား ၃၇ ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူများထဲတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး မိုးဇော်၊ ခမရ ၅၃၇ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူးတို့ဖြစ်ကြသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၇၀ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မိုးဇော်၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အနီးတိုက်ပွဲတွင် ရ သေ့တောင် အခြေစိုက် ခမရ (၅၃၇) ယာယီတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး၊ ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ ဖက် တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၀ ဗိုလ်မှူးတစ်ဦး တို့ သေဆုံးခဲ့ကြသည်။

ဩဂုတ် ၁၃ ရက်နေ့ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ အကြား ရက္ခိုင်ဒေသတွင်း ၃ နေရာနှင့် ပလက်ဝဒေသတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင့်ကျင့်နေမှုများဆက်တိုက်လုပ်ဆောင်နေပြီး ထိုသို့ဆက်လက်လုပ်ဆောင်နေပါက တကျော့ပြန်တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော်ဖက်မှပြောဆိုထားသည်။

(Western News-WN သည် ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article