26 C
Yangon

ခင်ဦးမြို့ပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်တပ်က ဗုံးဖောက်ခွဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ သြဂုတ် ၂၂

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့ပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ် လမ်းသုံးခွအနီး လူမနေသည့် ကျော်စည်ဟိန်းစားသောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၂၂ ရက်နေ့တွင် ဗုံးဖောက်ခွဲခဲ့ပြီး ရွှေရည်ဝင်းလက်ဖက်ရည်ဆိုင်မှ မောင်ရဲဝင်းထွဋ် ဗုံးထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ဗုံးဖောက်ခွဲခဲ့သော ကျော်စည်းဟိန်း စားသောက်ဆိုသည် လူမနေတော့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကာ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ မကြာခဏ ကင်းပုန်းဝပ် နေသည့် ဆိုင်ပျက်ကြီးဖြစ်ပြီး ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကျော်စည်ဟိန်းစားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင် လမ်းအနောက်ဘက်ရှိ ရွှေရည်ဝင်းလက်ဖက်ရည်ဆိုင်မှ မောင်ရဲဝင်းထွဋ် အသက် ၂၆ နှစ်သည် ဗုံးထိမှန်ဒဏ်ရာဖြင့် ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” မိုင်းက စကစထုတ် ပြင်းအား ကောင်းပြီး ပေ ၃၀၀၀ ကျော်ဝေးတဲ့ စျေးတောင်ဘက်ထိ မိုင်းစတွေ ကျရောက်ခဲ့တယ်။ စျေးသူ စျေးသားတွေလည်း တွေ့တယ်လို့ပြောတယ်။ အကြမ်းဖက် စစ်တပ်က PDF တွေ ထောင်တယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာ ပြည်သူနဲ့ PDF ကြား သွေးခွဲသပ်လျှိုဖို့ တမင်ဗျူဟာကျကျ ဖန်တီးထားတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ခင်ဦးမြို့ပေါ်ရှိ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ချီတက် ဆန္ဒပြမှုများ ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့ပေါ် နေရာများတွင် ဖောက်ခွဲ မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဒေသခံ ပြည်သူ မောင်ရဲဝင်းထွဋ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article