38 C
Yangon

စက်သုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေစျေးကွက်မှ တစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ဗဟိုဘဏ်က ရောင်းပေးမည်ဟုဆို၊ စံချိန်တင် ငွေလဲနှုန်း ဆက်မတက်ရန် အယောင်ပြ ထုတ်ပြန်ချက်ဖြစ်နိုင်ပြီး မည်သည့်အာမခံချက်နှင့် ရှင်းလင်းချက်မှ မပါဝင်ဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင်များကို နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော်ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန် ကြေညာသည်။

စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ရောင်းချပေးမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

“တကယ်က ပို့ကုန်ရငွေနဲ့ ဒေါ်လာစာရင်းငွေတွေ ပုဂ္ဂလိကဘဏ်တွေလက်ထဲမှာ ရှိတာက သန်း ၅၀ အောက်ပဲရှိတာ။ အခု ဒေါ်လာသန်း ၂၀၀ ကျော် ရောင်းပေးမယ်ဆိုတာကလည်း ဘယ်လိုပေးမှာလဲ။ ဘယ်စျေးနဲ့ပေးမလဲ။ ဘယ်ကပေးမှာလဲ။ ဒါတွေလည်းမသိရသေးဘူး။ ဆီသွင်းတဲ့ ကုမ္ပဏီတိုင်းရမှာလား၊ မရဘူးလား။ ဒါလည်းမသိသေးဘူး။ တကယ်ပေးမယ်ဆိုရင်လည်း ဒါက တစ်လစာ လောင်စာဆီ တင်သွင်းတဲ့စရိတ်ပဲရှိပါတယ်။ တစ်လကို စက်သုံးဆီတင်သွင်းတာ က အနည်းဆုံး ဒေါ်လာ သန်း ၂၀၀ အထက်မှာပဲသုံးရတာ။ ရေတိုအနေနဲ့ကတော့ မှန်မှန်ကန်ကန် သူတို့သိမ်းယူလိုက်တဲ့ တစ်ဒေါ်လာ ၁၈၅၀ ကျပ် နဲ့ ရောင်းပေးမယ်ရင်တော့ ငွေလဲနှုန်း အတိုင်းအတာ တစ်ခုအထိ ခဏပဲထိန်းနိုင်မယ်။ အခုက ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ရောင်းပေးမယ် လို့ပါတယ်။ သေချာတော့ မသိရသေးဘူး။ သူတို့နဲ့ နီးစပ်တဲ့သူပဲ ပေးမယ်ဆိုရင်တော့ သိပ်တော့ထူးမှာမဟုတ်ဘူး။ ခဏတော့ ငြိမ်ပြီး ငွေလဲနှုန်းတွေက ပြန်တက်လာမှာပဲ။ ငွေလဲနှုန်း တအားတက်နေတာကို ရပ်သွားအောင် အယောင်ပြထုတ်ပြန်တာလားဆိုတာလည်း သူတို့လုပ်ရပ်တွေပေါ်မှာပဲ စောင့်ကြည့်ရမှာ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

ဗဟိုဘဏ်အနေဖြင့် အမှန်တကယ် ဒေါ်လာငွေကို ပေါက်စျေးအောက် လျှော့သော စျေးနှုန်းဖြင့် ရောင်းချပေးမှု မရှိဘဲ အယောင်ပြ ထုတ်ပြန်ချက်အနေဖြင့် ငွေလဲနှုန်း ထိန်းရန် ကြိုးစားပါက လက်ရှိငွေလဲနှုန်းသည် ထပ်မံ၍ အမြင့်ဆုံးစံချိန်တင်သွားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယနေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အကြား အထိ စျေးနှုန်းမြင့်တက်ခဲ့ပြီး ညနေပိုင်းတွင် အဖမ်းအဆီးသတင်းများနှင့် ဗဟိုဘဏ် ထုတ်ပြန်ချက်သတင်းကြောင့် ငွေလဲနှုန်းအနည်းငယ်‌ပြန်လည်ကျဆင်း ကြောင်း၊ တစ်ဒေါ်လာလျှင် ငွေကျပ် ၄၂၀၀ ကျပ်ဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် စက်သုံးဆီ တင်သွင်းမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံမှ ၃ ဘီလီယံကျော်အထိ တင်သွင်းရပြီး လစဉ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် သုံးစွဲရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဆီဆိုင်များတွင် တန်းစီနေသော ကားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article